မောင်တောမှာ မွတ်စလင် လူဦးရေ တိုးပွားမှုနှုန်း ထိန်းချုပ်မိန့် ထုတ်ပြန်


2013.05.21
rohingya-refugees-305.jpg စစ်တွေမြို့က မွတ်စလင် ဒုက္ခသည်စခန်းပုံ
photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ်မှာ မွတ်စလင်လူဦးရေ အဆမတန် တိုးပွားမှုနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် လူဦးရေ ထိန်းချုပ်တဲ့ ဒေသန္တရအမိန့်တစ်ရပ်ကို မောင်တော ခရိုင်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်လိုက်တယ် လို့ သိရပါတယ်။

အခုလို လူဦးရေထိန်းချုပ်တဲ့ ဒေသန္တရအမိန့် ထုတ်ပြန်ရတာဟာ ပြီးခဲ့တဲ့လကုန်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ ရခိုင်ပဋိပက္ခစုံစမ်းရေး ကော်မရှင်အစီရင်ခံစာရဲ့ အကြံပြုချက်အရ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

“အခုဟာကျတော့ လူဦးရေတိုးပွားနှုန်းကလည်း တအားများလာတယ်၊  အရင်တုန်းကလုပ်ပေမယ့် နောက်ပိုင်းကျတော့ မလုပ်ပဲနဲ့အရှိန်လျော့သွားလို့ အခုစုံစမ်းစစ်ဆေးရေးကော်မရှင်ကနေပြီးတော့မှ ဒီထဲမှာလူဦးရေတိုးပွားနှုန်းကို ထိန်းချုပ်သင့်တယ်လို့ အကြံပေးတဲ့အတွက် ဒီကလူတွေကလည်း အကုန်လုံးကလိုက်နာတယ်၊ သတ်မှတ်ထားတဲ့ ဥပဒေလိုက်နာရင်တော့ ဒါဟာဘာမှမဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး၊ ဥပဒေမလိုက်နာရင်တော့လည်း ဒီကိစ္စဟာတော်တော်နဲ့ပြီးမှာ မဟုတ်ဘူး”

အရင်ကထုတ်ပြန်ထားတဲ့ အိမ်ထောင်စုတစ်စုကို ကလေး ၂ ဦးနှုန်း မွေးဖွားဖို့နဲ့  မြန်မာ့ဓလေ့ ထုံးတမ်းအရ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးဖို့အမိန့်ကို ထပ်မံအတည်ပြုထုတ်ပြန်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်မိသားစုတစ်ခုမှာ အနည်းဆုံးကလေး အယောက် ၂၀ ကနေ ၈၀ လောက်အထိရှိနေတယ်လို့ သိရပါတယ်။

အခုထုတ်ပြန်တဲ့ ဥပဒေအပေါ် ချိုးဖောက်သူတွေကို လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်သွား မှာ ဖြစ်တယ်လို့  ဦးဝင်းမြိုင်က ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။