မောင်တောဒုက္ခသည်တွေအတွက် ယာယီတဲတန်းလျားတွေ ဆောက်လုပ်ပေး


2017.09.20
maungtaw-refugees-622 မောင်တောမြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေ စစ်တွေမြို့ ဓမ္မာရာမ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြတာကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေနဲ့ ကျောက်တော်မြို့တွေမှာ မောင်တောဒေသက ဒုက္ခသည်တွေကို ယာယီတဲတန်းလျားတွေ ဆောက်လုပ်ပြီး နေရာချထားပေးသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

စစ်တွေနဲ့ ကျောက်တော်မြို့တွေမှာ အသင့်ဆောက်လုပ်လို့ရတဲ့ တန်းလျား ၁၀ လုံးကို ဆောက်လုပ်နေပြီလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ က ပြောပါတယ်။

"ရခိုင်ပြည်နယ်အတွက် ၁၀ လုံးဆောက်ဖို့ရှိတယ်၊ ၉ လုံးက စစ်တွေမှာဆောက်တယ်၊ ၁ လုံးက ကျောက်တော်မှာဆောက်တယ်"

၉၀ပေ၊ ပေ ၂၀ လောက်ရှိတဲ့ တန်းလျားတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ စစ်တွေမြို့က လက်ရှိဒုက္ခသည်တွေ ရောက်ရှိနေကြတဲ့ သရက်တောကျောင်း၊ ပဌာန်းကျောင်းစတဲ့ နေရာ ၉ ခုမှာ ဆောက်လုပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အဲဒီဒေသမှာနေထိုင်တဲ့ ဌာနေတိုင်းရင်း သားတွေနဲ့ ဟိန္ဒူဘာသာဝင် နှစ်သောင်း ခုနစ်ထောင်လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။

စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာသူ ၆၀၀၀ လောက်ရှိရာမှာ မြို့ပေါ်က ဟိန္ဒူဘုရားကျောင်းအပါအဝင် ဘုန်းတော်ကြီးကျောင်း ၃၁ ကျောင်းမှာ ယာယီနေရာချထားပေးတာဖြစ်ပြီး အဲဒီအထဲက နေရာအခက်အခဲ ဖြစ်နေတဲ့သူတွေအတွက် အသင့်ဆောက်တန်းလျားတွေကို ပြောင်းရွှေ့နေရာချထားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်လာသူတွေကို အစိုးရက နေရပ်ကို ပြန်လည်ပို့ဆောင်ပေးနေတာကြောင့် စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိလာတဲ့ မိသားစုအချို့လည်း နေရပ်ကို ပြန်နေကြပြီလို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။