အကြမ်းဖက်သမားတွေကို ရဟတ်ယာဉ်နဲ့ သံချပ်ကာကား သုံးပြီး နှိမ်နင်းမည်

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ နှိမ်နင်းနိုင်ဖို့ တပ်မတော်က ရဟတ်ယာဉ်နဲ့ သံချပ်ကာကားတွေကိုပါ အသုံးပြုသွားမယ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

စစ်တွေမြို့က ဆရာတော်ကြီး ၁၁ ပါးနဲ့ ဒီနေ့ မနက်က တွေ့ဆုံစဉ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်က အခုလို လျှောက်ထားခဲ့တာလို့ တွေ့ဆုံစဉ်မှာ ပါဝင်တဲ့ ရွှေစေတီဆရာတော် အရှင်အရိယဝံသက RFA ကို မိန့်ပါတယ်။

ရခိုင်ပြည်နယ်မှာ အစိုးရရဲ့လုံခြုံရေးဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့ အင်အားဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနုဲ့ ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးတို့ဟာ ဒီကနေ့ စစ်တွေမြို့မှာ ဆရာတော်ကြီး ၁၁ ပါးကို ဒီနေ့ မနက်က လာရောက် တွေ့ဆုံလျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ လုံခြုံရေးအတွက် တာဝန်ယူသွားမှာဖြစ်သလို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို အကောင်အထည်ဖော်မယ့် ကိစ္စကိုလည်း ဆွေးနွေးနေတဲ့အကြောင်း လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တိုင်းရင်းသားကျေးရွာတွေအတွက် တစ်နှစ်စာ စားနပ်ရိက္ခာတွေကို ထောက်ပံ့ပေး အပ်သွားမှာဖြစ်သလို လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် တောတောင်တွေထဲ မသွားရောက်ကြဖို့ အသိပေးထားတယ်လို့လည်းသိရပါတယ်။

ဆရာတော်ကြီးတွေဘက်က ဒေသခံဌာနေ တိုင်းရင်းသားတွေအတွက် အာမခံနိုင်တဲ့ လုံခြုံရေးကို အစိုးရကအလေးထားဆောင်ရွက်ဖို့ မိန့်ကြားခဲ့တယ်လို့လည်း ဆရာတော် အရှင်အရိယဝံသ က မိန့်ကြားပါတယ်။