သိမ်းဆည်း လယ်မြေများပေါ် ထွန်ယက်စိုက်ပျိုးခွင့် ပိတ်ပင်

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကြက်လျှာကျေးရွာတဝိုက်မှာ မြို့နယ်အာဏာပိုင်တွေ သိမ်းယူထားတဲ့ လယ်ယာမြေတွေပေါ်မှာ ထွန်ယက်စိုက်ပျိုးနေတဲ့ လယ်သမား ၃ဝ ကျော်ကို ဒီကနေ့ အာဏာပိုင်တွေက လာရောက်တားမြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ အာဏာပိုင်တွေဖက်က လာရောက်တားမြစ်တာနဲ့ ပတ်သတ်ပြီး လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီကွန်ရက်အဖွဲ့ဝင် ဦးကြည်လွင်က RFA ကို အခုလို ပြောပါတယ်။

“မနေ့ကတော့ ကျနော်တို့က ကျေးရွာအာဏာပိုင်နဲ့ တွေ့ခွင့်တောင်းတဲ့အခါမှာ ကျေးရွာအာဏာပိုင်က လုံးဝတွေ့ခွင့်မရပါဘူး၊ ကျနော်တို့နဲ့ မဆိုင်ဘူး၊ မြို့နယ်အုပ်ချုပ်ရေးအပိုင်းနဲ့ရှင်းပါလို့ ကျနော်တို့ကိုပြောတယ်ခင်ဗျ၊ ကျနော်တို့က မနေ့က မတွေ့ဖြစ်ဘူးခင်ဗျ၊ ဒီမနက်ကျတော့မှ ကျေးရွာအုပ်ချုပ်ရေးမှူးရယ်၊ ရယကရယ် ၂ ယောက်ဆင်းလာပြီး ဒီလယ်ထွန်တာကို ဆင်းတားပါတယ်ခင်ဗျ”

လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်လောက်က လယ်သမား ၈ ဦးပိုင် လယ်ဧက ၃၈ ဧကကို မြို့နယ်အာဏာပိုင်တွေ လျော်ကြေးမပေးဘဲ သိမ်းယူခဲ့ပြီး အဲဒီလယ်ယာမြေတွေထဲမှာ တောင်သူလယ်သမားတွေက မေလ ၃ဝ ရက်နေ့ကစတင်ကာ ပြန်လည်ထွန်ယက်စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။

သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေမှာ ဒီနှစ်စိုက်ပျိုးရာသီအမှီ လယ်ယာမြေ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့ သက်ဆိုင်ရာအာဏာပိုင်တွေထံ စာအဆင့်ဆင့်နဲ့ တိုင်ကြားခဲ့ပေမယ့် အာဏာပိုင်တွေဖက်က တစ်စုံတစ်ရာ ဆောင်ရွက်ပေးတာမျိုး မရှိသေးဘူးလို့ တောင်သူတွေက ဆိုပါတယ်။