၁၂၃ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်က နန်းထိုက်တော်ဝင်ခန်းမမှာ ဒီကနေ့ကျင်းပခဲ့ပြီး နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် အဖွဲ့အစည်း ၆၀ ကျော်က လူဦးရေ ၁၀၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။
ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာရင် အလုပ်သမားအခွင့်အရေးကို အပြည့်အဝလေးစားလိုက်နာဖို့၊ တကယ်လို့ မလိုက်နာတဲ့ လုပ်ငန်းရှင်တွေကိုလည်း လုံးဝလက်မခံကြဖို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အဲဒီအခမ်းအနားမှာ အခုလိုပြောကြားခဲ့ပါတယ်။
“အရင်အစိုးရ လက်ထက်ကတော့ ကျနော်တို့ဆီမှာ ဝင်လာတာ သီလပျက် အကျင့်ပျက် ရင်းနှီးမြှုပ်နှံမှုတွေ စက်ရုံအလုပ်ရုံတွေမှာ အင်မတန်များပါတယ်၊ သူတို့ပေးချင်သလောက်ပဲပေးတယ်၊ ခိုင်းချင်သလောက်ပဲခိုင်းတယ်၊ ကျနော်တို့ဆီမှာရှိနေတဲ့ ကျနော်တို့ ညီ၊ ညီမတွေရဲ့ လုပ်အားတွေကို ကြံကြိတ်သလို ကြိတ်ယူဖို့ ခင်ဗျားတို့ မစဉ်းစားပါနဲ့၊ အရည်မထွက်တော့မှ လွှတ်ပစ်တယ်ဆိုတာမျိုးကို လူသားရဲ့ဘဝကို ခင်ဗျားတို့လုပ်ဖို့ ယောင်လို့တောင် စိတ်မကူးပါနဲ့၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး အပြည့်အဝပေးနိုင်တဲ့ စံနမူနာကောင်းဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် ခင်ဗျားတို့လာပါ”
အခမ်းအနားမှာ အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး သဘောထား ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပြီး အဲဒီကြေညာချက်ကို အလုပ်သမားကိုယ်စားလှယ်တစ်ဦးက ဖတ်ပြခဲ့ပါတယ်။
“တစ်နေ့ အလုပ်ချိန် ဂ နာရီ လုပ်အားခ အနည်းဆုံး ၃ဝဝဝ ခန့်ရရှိရေး၊ နေ့စားများအား လခစား အလုပ်သမားများအဖြစ် တိုးမြှင့်ခန့်ထားပေးရေးကာလ သတ်မှတ်ရေး၊ အလုပ်ထုတ်ပစ်မှု ရပ်ဆိုင်းရေး၊ အလုပ်လုပ်ခွင့်တည်မြဲရေး၊ ကလေးအလုပ်သမားအရေး ကာကွယ်ဖြေရှင်းပေးရေး၊ အချိန်ပိုလုပ်ခ ဖြတ်တောက်မှု ရပ်ဆိုင်းရေး၊ အလုပ်ခန့်ထားရေး သဘောတူညီမှုစာချုပ် တစ်ဖက်သတ်ရေးဆွဲ လက်မှတ်ထိုးခိုင်းမှု ရပ်ဆိုင်းရေး၊ အလုပ်သမားအဖွဲ့အစည်းများ လွတ်လပ်စွာ ထူထောင်ရေး၊ အလုပ်ရှင်များရဲ့ လွှမ်းမိုးချုပ်ကိုင်မှု ရပ်ဆိုင်းရေး၊ အဂတိလိုက်စားမှု ပပျောက်ရေး၊ တရားဥပဒေစိုးမိုးရေး”
၈၈မျိုးဆက်ကျောင်းသားတွေအပါအဝင် အဖွဲ့အစည်းအသီးသီးကလည်း သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။ ဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နာယက ဦးတင်ဦး၊ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင်တွေ၊ အလုပ်သမားအရေးကို လိုက်ပါဆောင်ရွက်နေသူတွေနဲ့ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်နဲ့ တောင်ဒဂုံစက်မှုဇုန်တွေက အလုပ်သမား ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
အလားတူ အခမ်းအနားတွေကို မန္တလေး၊ စဉ့်ကိုင်နဲ့ ပလိပ်မြို့တွေမှာလည်း ဒီကနေ့ကျင်းပခဲ့ပါတယ်။ အခုလိုကမ္ဘာ့အလုပ်သမားနေ့ ကျင်းပရတာနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ အလုပ်သမားရေးရာ တာဝန်ခံ ကိုအောင်သူက RFA ကို ပြောပါတယ်။
ဒီနေ့ပွဲကို ပလိပ်မြို့၊ အောင်သိဒ္ဓိခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေက အလုပ်သမားအရေး ဆောင်ရွက်သူတွေ၊ အခြေခံအလုပ်သမားသမဂ္ဂ အဖွဲ့အစည်းဝင်တွေ၊ NLD အဖွဲ့ဝင်တွေ၊ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဝင်တွေ၊ ဗကသ ကျောင်းသားအဖွဲ့ဝင်တွေ စုစုပေါင်း ၂၀၀ လောက် တက်ရောက်ပါတယ်။
ရန်ကုန်မြို့၊ နန်းထိုက်တော်ဝင်ခန်းမမှာကျင်းပတဲ့ ကမ္ဘာ့အလုပ်သမားနေ့အကြောင်း RFA သတင်းထောက် မရတနာဦး သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။
မြန်မာနိုင်ငံက အလုပ်သမားတွေ အခွင့်အရေး ဆုံးရှုံးနေဆဲဖြစ်တဲ့အကြောင်း အလုပ်သမားတွေရဲ့ ရင်ဖွင့်ပြောပြချက်တွေကို RFA သတင်းထောက် မသူဇာ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေးတွေ တိုးတက်ကောင်းမွန်လာအောင် ဘာတွေဆောင်ရွက်သင့်သလဲဆိုတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUM အကြီးအကဲ ဦးမောင်မောင်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါတယ်။