၂၀၁၅ နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ဒေါ်မေစပယ်ဖြူ ရရှိ

မြန်မာနိုင်ငံက ကျား၊ မ တန်းတူညီမျှရေးကွန်ရက် Gender Equality Network တည်ထောင်သူနဲ့ ညွှန်ကြားရေးမှူး ဒေါ်မေစပယ်ဖြူ ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ချီးမြှင့်လိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန က ၂၀၁၅ ခုနှစ်အတွက် ရွေးချယ်လိုက်တဲ့ နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင် ၁ဝ ဦး စာရင်းမှာ မြန်မာနိုင်ငံက ဒေါ်မေစပယ်ဖြူ ပါဝင်ခဲ့တာပါ။

ဒေါ်မေစပယ်ဖြူဟာ ကချင်ငြိမ်းချမ်းရေးကွန်ရက် Kachin Peace Network ကို ပူးတွဲတည်ထောင်သူလည်းဖြစ်ပြီး၊ ငြိမ်းချမ်းရေးနဲ့ တန်းတူုညီမျှရေးအတွက် လှုပ်ရှားနေသူတစ်ဦးဖြစ်ပါတယ်။

ဆုရရှိခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်မေစပယ်ဖြူ က RFA ကို အခုလို ပြောပါတယ်။

"မြန်မာပြည်မှာ အမျိုးသမီးတွေရဲ့ အခွင့်အရေး အထူးသဖြင့် အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတာ ရပ်တန့်ဖို့အတွက်ကို ဥပဒေရေးဆွဲနိုင်ဖို့ရော၊ တခြားအမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး လှုပ်ရှားမှုတွေနဲ့ ကျား မ တန်းတူညီမျှရေးအတွက် ကြိုးစားဆောင်ရွက်နေတဲ့အရာတွေ ပြီးတော့ ကချင်ဒေသမှာဖြစ်တဲ့ စစ်ပွဲရပ်တန့်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရဖို့အတွက် ကိစ္စတွေပေါ့၊ အဲဒီ့လှုပ်ရှားမှုတွေအပေါ်မှာ သူတို့အနေနဲ့ အသိအမှတ်ပြုတဲ့အတွက် ရွေးချယ်တယ် လို့ပြောပါတယ်"

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ ချီတက်ပွဲတစ်ရပ်ကို ဒေါ်မေစပယ်ဖြူ ပါဝင်ဦးဆောင်ပြီး ကချင်ပြည်နယ် အပါအဝင် ပြည်တွင်းစစ် အဆုံးသတ်ရေး တောင်းဆိုခဲ့တဲ့အတွက် တက်ကြွလှုပ်ရှားသူ ၁၂ ဦးနဲ့အတူ တရားမဝင်စုရုံးမှု ပုဒ်မနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။

နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆုကို ၂၀၀၇ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပြီး ကမ္ဘာတဝှမ်း ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး၊ ကျား-မ တန်းတူရေးနဲ့ အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ လှုပ်ရှားဆောင်နေကြတဲ့ အမျိုးသမီးတွေကို နှစ်စဉ်ဂုဏ်ပြုပေးအပ်တဲ့ဆု ဖြစ်ပါတယ်။

ဆုပေးပွဲအခမ်းအနားကို မတ်လ ၅ ရက်၊ ကြာသပတေးနေ့ ၊ ဝါရှင်တန်ဒီစီမြို့၊ နိုင်ငံခြားရေးဌာနမှာ ကျင်းပမှာဖြစ်ပြီး၊ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ချီးမြှင့်မှာဖြစ်ပါတယ်။

ဒီဆုကို ဒေါ်မေစပယ်ဖြူ ရရှိခဲ့တာဟာ မြန်မာနိုင်ငံအတွက် ဒုတိယအကြိမိမြောက် ဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်က နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ကို ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်းနဲ့ Rainfall Gender Study Group ကို ပူးတွဲတည်ထောင်ခဲ့သူ ဒေါ်ဇင်မာအောင်က ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။

ဒီနှစ်အတွက် နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆုကို မြန်မာနိုင်ငံက ဒေါ်မေစပယ်ဖြူနဲ့အတူ အာဖဂန်နစ္စတန်၊ ဘင်္ဂလာဒေ့ရှ်၊ဘိုလီးဗီးယား၊ ဗဟိုအာဖရိက၊ ဂီနိ၊ဂျပန်၊ ကိုဆိုဗို၊ ပါကစ္စတန်နဲ့ ဆီးရီးယားနိုင်ငံတွေက စွမ်းဆောင်ရှင်အမျိုးသမီးတွေ ချီးမြှင့်ခံခဲ့ကြရပါတယ်။

ဒေါ်မေစပယ်ဖြူကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။