ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီးတို့နဲ့ တွေ့ဆုံအပြီး မိမိအနေနဲ့ မြန်မာပြည်ရဲ့ရှေ့ရေးနဲ့ ပတ်သက်ပြီး အမှန်တကယ် အကောင်းမြင်မိတာဟာ ဒီတစ်ကြိမ်ဟာ ပထမဆုံးပါပဲလို့ သတင်းထောက်တွေကို ပြောပါတယ်။ မိမိ ကမကထပြုပြီး ဆောင်ရွက်ခဲ့တဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူထားမှုကို ပြန်လည်ရုပ်သိမ်းတာဟာ လမ်းကြောင်းမှန်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ရင် ဒီကိစ္စ အတွက် သမ္မတ အိုဘားမား အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်မယ်လို့လည်း အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ အလားတူပဲ ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိ ဆိုတဲ့ အခြေအနေကလည်း စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး အတွက် စမ်းသပ်ချက် တစ်ရပ် ဖြစ်လိမ့်မယ်လို့ အေပီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ အစစ်အမှန် ပြုပြင် ပြောင်းလဲရေးသမား တစ်ယောက်လို့ ယုံကြည်ကြောင်း၊ ပိုပြီး အရေးကြီးတာက ဒေါ်အောင်ဆန်းစုကြည် ကလည်း အဲဒီလို ယုံကြည်ကြောင်း မြန်မာပြည်က အပြန် ထိုင်းနိုင်ငံကို ရောက်နေတဲ့ Mr. Mitch McConnell က ဆိုပါတယ်။ လာမယ့် ရွေးကောက်ပွဲ လွတ်လပ် တရားမျှတဖို့၊ တိုင်းရင်းသား ဒေသတွေမှာ အကြမ်းဖက်မှုတွေ ရပ်တန့်အောင် ပိုမို အားထုတ်ဆောင်ရွက်ဖို့၊ မြောက်ကိုရီးယားနဲ့ အဆက်အဆံ မလုပ်ဖို့ မြန်မာ အစိုးရကို တိုက်တွန်းခဲ့ကြောင်း၊ မြောက်ကိုရီးယားနဲ့ အဆက်ဖြတ်တာဟာ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ ကြီးမားတဲ့အချက် တစ်ချက်ဆိုတာ မြန်မာအစိုးရ သဘောပေါက်ကြောင်းကိုလည်း Mr. McConnell က ပြောသွားပါတယ်။