သတင်းရယူခွင့်ပိတ်ပင်ခဲ့တဲ့ မျိုးချစ်မြန်မာရဟန်းတော်များ အဖွဲ့ကို MCN သတင်းဌာန ရှုတ်ချ

သတင်းထောက် သတင်းယူရာမှာ မျိုးချစ်မြန်မာရဟန်းတော်များအဖွဲ့က တားမြစ် ခြိမ်းခြောက် နှောင့်ယှက်ခဲ့ပြီး ဗီဒီယို ကင်မရာကို လုယူခဲ့တာနဲ့ပတ်သက်လို့ ရန်ကုန်အခြေစိုက် မြန်မာ ကေဘယ် သတင်းရုပ်သံဌာန MCN TV News က ရှုတ်ချလိုက်ပြီး တရားဥပဒေ အကာကွယ်ရယူသွားမယ်လို့ မနေ့က ကြေညာပါတယ်။

ရန်ကုန်ဆီဒိုနားဟိုတယ် ဧည့်ကြိုအဝတ်အစားအပေါ် မြန်မာမျိုးချစ်ရဟန်းတော်များ သမဂ္ဂက ကန့်ကွက်ခဲ့အ ပြီး မေလ ၂၆ ရက်နေ့မှာ ဟိုတယ်တာဝန်ရှိသူတွေနဲ့ သံဃာတချို့ဆွေးနွေးခဲ့တာကို သတင်းရယူဖို့ သွားခဲ့တဲ့ MCN ရုပ်သံသတင်းထောက်ကို သံဃာတချို့နဲ့လူတချို့က တားမြစ် ခြိမ်းခြောက်ပြီး ကင်မရာထဲက မှတ်တမ်းဗီဒီယိုတွေကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြောင်း၊ ဒါဟာ သတင်းလွတ်လပ်စွာရယူခွင့်ကို ပိတ်ပင်တာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ နဲ့ ၂ဝ၁၄ သတင်းမီဒီယာဥပဒေ အခန်း ၃ ပါ သတင်းသမားတွေရဲ့ ရပိုင်ခွင့်တွေအရ အကာကွယ်ယူ သွားမှာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စအပေါ် အစိုးရတာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာကောင်စီက ဖြေရှင်းပေးဖို့လည်း တောင်းဆိုထား ပါတယ်။