သမ္မတဦးသိန်းစိန်ထံ လိပ်မူပြီး ပေးပို့တဲ့ တန်ဖိုးနည်းဖုန်း အမြန်ရရှိရေး၊ လျှပ်စစ်မီးများ ၂၄နာရီ အပြည့်အဝ သုံးစွဲနိုင်ရေး သမ္မတကြီးမှ လမ်းညွှန်ပေးပါရန်လို့ ရေးသားထားတဲ့ လက်ကမ်းစာရွက်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံတို့ကို အရပ်ဝတ်နဲ့ အာဏာပိုင် ၆ ဦးက လှည်းတန်းဈေးရှေ့မှာ သိမ်းဆည်းသွားတာလို့ MDCF မှ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကိုနိုင်လင်းက ပြောပါတယ်။
“သူတို့ကို မေးတဲ့အခါမှာ မပြောဘူး။ ရိုးရိုး အရပ်ဝတ်တွေနဲ့ပဲ။ မင်းတို့ ဘယ်အဖွဲ့ကလဲလို့ မေးပြီးတော့ သူကစာရွက်တွေ သိမ်းသွားတယ်။ လူတော့ဖမ်းတာ မရှိဘူး။ ဒီဥစ္စာလုပ်ရတာ လူတိုင်းလူတိုင်းမှာ တန်ဖိုးနည်းဖုန်းတွေကို ကိုင်ဆောင်နိုင်မယ်ဆိုရင် ပြည်သူတွေကြားထဲမှာလည်း ဒီဆက်သွယ်ရေးတွေ ကောင်းလာမယ်။ နောက်တစ်ခါ တောင်သူလယ်သမားတွေ ဒီဖုန်းတွေ ကိုင်နိုင်တဲ့အတွက် သူတို့ရဲ့ လယ်ကွက်လေး ယာကွက်လေးထဲက နေပြီးတော့ ဈေးနူန်းတွေကို စုံစမ်းနိုင်ပြီးတော့ အလျင်အမြန် သူတို့ရဲ့ကုန်တွေကို သူတို့ရောင်းချနိုင်မယ်။ နောက်ကုန်သည်ကြီးတွေရဲ့ လက်ဝါးကြီးအုပ်ပြီးတော့ ချယ်လှယ်တဲ့စနစ်တွေကို ပပျောက်သွားမယ်ပေါ့ဗျာ။ ဒီဟာတွေကို ကျွန်တော်တို့ ရည်ရွယ်ပါတယ်”
ဒီလက်ကမ်းစာရွက်တွေကို လှည်းတန်းဈေး၊ သင်္ကန်းကျွန်းစံပြဈေး၊ သိမ်ကြီးဈေးနဲ့ ဘုရင့်နောင်ဈေးတို့မှာ MDCF အဖွဲ့ဝင်တွေက ဖြန့်ဝေခဲ့တာဖြစ်ပြီး အခုလို အသိမ်းဆည်း ခံလိုက်ရတဲ့အတွက် MDCF ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကိုထင်ကျော်က-
“ကျွန်တော်တို့က သူတို့ဆွဲထားတဲ့ အခြေခံဥပဒေကို ကျင့်သုံးတာဗျ။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေရဲ့ အကျပ်အတည်းကို နိုင်ငံတော်သမ္မတ သိအောင်လို့ တရားဝင်စာလည်းပို့တယ်။ ပြည်သူတွေရဲ့အသံကိုလည်း ထုတ်ဖော်ပေးတယ်။ အဲဒါကို အတင်းအဓမ္မ ဒီပစ္စည်းတွေကို သိမ်းဆည်းခြင်းခံရတယ်။ ကျွန်တော် ပြောချင်တာကတော့ ပြည်သူတွေ မကြောက်ကြပါနဲ့။ ဒီကနေ့ ဒီမိုကရေစီစနစ်ကို သွားနေပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်အောင် ကျွန်တော်တို့ ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ ပြည်သူတွေ ကိုယ့်ဆန္ဒကို ငြိမ်းချမ်းစွာနဲ့ ဖော်ထုတ်ကြပါ။ မိမိတို့ အကျပ်အတည်း အခက်အခဲကို တောင်းဆိုကြပါ” လို့ပြောပါတယ်။
၂၀၀၈ခုနှစ် အခြေခံဥပဒေ အခန်း (၈) ပုဒ်မ (၅၄) မှာ ပြည်သူတွေကို လွတ်လပ်စွာ ထုတ်ဖော် ရေးသား၊ စီတန်း လှည့်လည်ခွင့်တွေ ခွင့်ပြုထားခဲ့ပေမယ့် ဒါတွေကို ဝန်ထမ်းအဖွဲ့အစည်းတွေ ဖြစ်တဲ့ ပြည်ထဲရေးအပါအဝင် အဖွဲ့အစည်းတွေက မဖတ်ကြဘူးလို့ ယူဆရတယ်လို့လည်း သူကဆိုပါတယ်။
ဒါ့အပြင် လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ဒီဇင်ဘာလ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံအတွင်း လျှပ်စစ်ကသုံးမကုန်လို့ ရောင်းစားနေရတယ်လို့ ပြောဆိုခဲ့တဲ့ စကားကို ဝန်ကြီးတစ်ယောက်အနေနဲ့ တာဝန်ယူရမှာ ဖြစ်ကြောင်း၊ ဒီကနေ့ ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့မှာ ပြည်သူတွေ မှောင်မှောင်မဲမဲထဲမှာ နေနေရတဲ့အတွက် သမ္မတက အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုတာဖြစ်ကြောင်းလည်း ကိုထင်ကျော်က ပြောဆိုပါတယ်။