မန္တလေးမှာ ညမထွက်ရအမိန့် ရုပ်သိမ်းပေးဖို့ ကော်မတီ တိုက်တွန်း


2014.07.26
mdy-police-305 မန္တလေးမြို့မှာ ဇူလိုင်လ ၁ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ဆူပူမှုကြောင့် လုံခြုံရေးအတွက် လမ်းမတချို့မှာ ရဲကားတွေကို ချထားစဉ်
Photo: Hset Paing Toe/RFA

မန္တလေးမြို့မှာ အခြေအနေတွေ တည်ငြိမ်နေပြီဖြစ်တဲ့ အတွက် နေ့စဉ်လူမှုဘဝတွေပြေလည်ဖို့ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို လုံးဝရုပ်သိမ်းပေးဖို့ မန္တလေးမြို့ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီက ဒီနေ့ကျင်းပတဲ့ အစည်းအဝေးကနေ မေတ္တာရပ်ခံ လိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ကော်မတီရဲ့ ပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ မင်းထက်ငြိမ်းချမ်းက RFA ကို အခုလိုပြောပါတယ်။

"မနက် ၃ နာရီဆိုတာက ၉-၅ နဲ့စာရင်တော့ အများကြီးလျော့သွားတယ်၊ ဒါလည်းကြိုဆိုပါတယ်၊ သို့သော် အခု ၉ နာရီကနေ ၃ နာရီအထိဆိုတဲ့အတွက် မကြာခင် တောင်ပြုန်းပွဲတော်ကာလက နီးတော့မယ်၊ အဲဒီပွဲကို မြန်မာပြည်အရပ်ရပ်ကလာကြမယ်၊ မိုးတွင်းလည်းဖြစ်တယ်၊ မကြာခင်ဆိုရင် အစ္စလာမ်တွေရဲ့ ဥပုဒ်လထွက်တော့မယ်၊ ပညာရေး စီးပွားရေး ကျန်းမာရေး အကုန်လုံးပေါ့ဗျာ၊ လုံလောက်တဲ့အချိန်ကိုရောက်ပြီလို့ယူဆတယ်၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းအောင်တော့ဖြင့် မြို့လူထုအသံအများစုကို ကိုယ်စားပြုပြီး ကျနော်တို့က သက်ဆိုင်ရာပုဂ္ဂိုလ်တွေ ကို မေတ္တာရပ်ခံတယ်"

မန္တလေးမြို့ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော်မတီအနေနဲ့ အခြားမွတ်စလင်အဖွဲ့တွေ၊ ခရစ်ယာန်အဖွဲ့တွေနဲ့လည်း ငြိမ်းချမ်းမှုထိမ်းသိမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဦးမယ်လို့ပြောပါတယ်။

အခုလဆန်းပိုင်းမှာဖြစ်ခဲ့တဲ့ ပဋိပက္ခကြောင့် မန္တလေးမြို့မှာ ည ၉ နာရီကနေ မနက် ၅ နာရီ လမ်းပေါ်မထွက်ရ အမိန့်ထုတ်ပြန်ခဲ့ပြီး၊ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ည ၉ နာရီကနေ မနက် ၃ နာရီလို့ ပြင်ဆင်ပြီး ၂ နာရီ လျှော့ပေးခဲ့ပါတယ်။ အဲဒီညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် အိမ်ပြန်နောက်ကျရသူတွေ ဖမ်းဆီးထောင်ချခံရတာတွေ ရှိတဲ့အတွက်လည်း မြို့ခံလူထုအတွက် အခက်အခဲတွေဖြစ်ရတယ်လို့ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီဝင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။