မြန်မာနိုင်ငံ အလယ်ပိုင်းက ငလျင်ကြောင့် သေဆုံး ဒဏ်ရာရမှုများဖြစ်

နိုဝင်ဘာလ ၁၁ ရက် မြန်မာစံတော်ချိန် ၇နာရီ ၄၃မိနစ်က ရွှေဘို ငလျင်တိုင်းတာရေးစခန်းရဲ့ အရှေ့မြောက်ဘက် ၃၅ မိုင် အကွာနေရာကို ဗဟိုပြုပြီး၊ အင်အား ၆.၈ ရစ်ချ်တာ စကေးရှိတဲ့ ငလျင် တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ရွှေဘိုမြို့နယ်နဲ့ ကျောက်မြောင်း စတဲ့ဒေသတွေမှာ လူအသေအပျောက်၊ အိုးအိမ်အပျက်အစီးတွေရှိခဲ့ပါတယ်။

ငလျင်လှုပ်ခတ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရတဲ့ စဉ့်ကူးမြို့နယ်က အခြေအနေနဲ့ ပတ်သက်လို့ မြို့နယ် NLD အတွင်းရေးမှူး ဦးမောင်မောင်ဝင်းက RFA ကို ခုလိုပြောပါတယ်။

"စဉ့်ကူးမြို့နယ်မှာဆိုရင် ခက်သင်၊ ဘိုသာကုန်းရွာ အထိနာဆုံးခင်ဗျ၊ ခက်သင်ရွာနားမှာရှိတဲ့ ခက်သင်တောင်တစ်ခြမ်းလုံး ပြိုကျသွားတယ်။ ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်း တော်တော်များများရှိတယ်။ ဘုန်းကြီးကျောင်းတွေ အဓိကပျက်စီးသွားတယ်။ သံဃာတော် တစ်ပါးက ပျံလွန်တော်မူသွားတယ်။ တစ်ပါးက အခြေအနေတော်တော်ဆိုးနေတယ်။ ၃ပါးလောက်က ဆေးရုံတင်ထားရတယ်။

ရတနာသိင်္ဃတံတားကျတော့ အဲဒီမှာသံဘောင်ပြုတ်ကျပြီးတော့ ဆောက်လုပ်ရေးလုပ်သား ၄ဦး သံဘောင်နဲ့အတူ မြစ်ထဲထိုးကျသွားတာ အဲဒီ ၄ဦးကပျောက်ဆုံးနေတယ်။ အလောင်းလည်းမတွေ့ဘူး။ ဒီတံတားခွင်မှာ လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်သား ၁၀ဦးလောက်က ဆေးရုံတင်ထားရတယ်ခင်ဗျ။ ပြင်းထန်တဲ့လူနာတွေကတော့ မန္တလေးဆေးရုံကြီးကို သွားကြတယ်။"

သပိတ်ကျင်းမြို့နယ်ထဲက ကွင်းသုံးဆယ် ရွှေလုပ်ကွက်မှာ ရွှေတူးဖော်နေကြသူ ၁၁ဦးဟာ ငလျင်ဒဏ်ကြောင့် ရွှေတွင်းထဲမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ပေါ်မှာတော့ တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှု မရှိခဲ့ပေမယ့် မလယ်တိုက်နယ်၊ ရေရှင်၊ ဇီးကုန်း၊ သပြေသာ၊ ထန်းတပင် စတဲ့ နယ်တွေဘက်မှာတော့ လူနာဆောင်၊ မူလတန်းကျောင်းဆောင်၊ ရှေးဟောင်းစေတီပုထိုး၊ အိုးအိမ်တိုက်တာ၊ ဘုန်းတော်ကြီးကျောင်း စတာတွေ ပျက်စီးခဲ့ပါတယ်။

ဒီကနေ့ မနက်က လှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ရွှေဘိုဆေးရုံ၊ ကျောက်မြောင်းဆေးရုံ၊ စဉ့်ကူးဆေးရုံ တွေကို တင်ပို့ကုသနေကြပြီး ပြင်းထန်သူတွေကိုတော့ မန္တလေးပြည်သူ့ဆေးရုံကြီးကို သယ်ဆောင်ကုသမှု ခံယူနေကြပါတယ်။

မြေငလျင်လှုပ်ခတ်သွားတဲ့ မြို့နယ်တွေက ဒေသခံတွေ ကြုံတွေ့ခဲရသူတွေထံ စုံစမ်းပြီး RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိနဲ့ ဦးဘအောင်တို့ တင်ပြထားပါတယ်။

0:00 / 0:00

အခုလှုပ်ခဲ့တဲ့ ငလျင်ဟာ ရှေပြေးငလျင်တခုဖြစ်ပြီး အဓိကငလျင်ကြီးတစ်ခု ထပ်လှုပ်နိုင်တယ်လို့ သုံးသပ်နေသူတွေလည်း ရှိပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ ငလျင်ကော်မတီက အတွင်းရေးမှူး ဦးစိုးသူရထွန်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

0:00 / 0:00