သိမ်းဆည်းခံမြေယာတွေပြန်ရဖို့ မန္တလေးမြို့မှာ သပိတ်စခန်းဖွင့်တောင်းဆိုနေကြတဲ့ တောင်သူတွေနဲ့ မန္တလေး တိုင်းအစိုးရအဖွဲ့တို့ ဒီကနေ့ တိုင်းအစိုးရအဖွဲ့ရုံးမှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ တရားစွဲခံထားရတဲ့ တောင်သူတွေနဲ့ ဝရမ်းပြေးတောင်သူတွေအရေးကို အဓိကထားဆွေးနွေးခဲ့ကြ ပြီး တိုင်းအစိုးရအဖွဲ့က သပိတ်စခန်းကို ပိတ်သိမ်းပေးစေလိုပေမယ့် တောင်းဆိုချက်တွေ မရသရွေ့ သပိတ်စခန်း ကို ဆက်လက်ထားရှိသွားမယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ တောင်သူ ဒေါ်ခင်ညိုက ပြောပါတယ်။
မန္တလေးတိုင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းနဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း ဦးဆောင်တဲ့ တိုင်းအစိုးရအဖွဲ့နဲ့ သပိတ်စခန်း ကိုယ်စားလှယ် တောင်သူ ၅ ဦးတို့ တွေ့ ဆုံခဲ့တာဖြစ်ပါတယ်။
တရားရင်ဆိုင်နေရတဲ့ တောင်သူတွေနဲ့ ဝရမ်းပြေးအဖြစ် ကြေညာခံထားရတဲ့ တောင်သူတွေကို အမှုကနေပြန် လည်ရုပ်သိမ်းနိုင်ဖို့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒီကနေ့ဆွေးနွေးပွဲမှာ နှုတ်အားဖြင့် ကနဦး သဘောတူညီမှု ရရှိခဲ့တယ်လို့ သပိတ်ကိုယ်စားလှယ်တွေက ပြောပါတယ်။
မန္တလေးတိုင်း အစိုးရအဖွဲ့ရုံးအနီး ၆၂ လမ်းပေါ်မှာ သပိတ်စခန်းဖွင့် တောင်းဆိုနေကြတဲ့ မြို့နယ် ၁၂ ခုက သိမ်းဆည်းခံ တောင်သူကိုယ်စားလှယ် ၁ဝဝ ကျော်က သိမ်းဆည်းလယ်ယာမြေတွေအရေးကို ပြေလည်အောင်ဖြေ ရှင်းပေးဖို့နဲ့ တောင်သူတွေကို တရားစွဲဆိုနေတာတွေ ရပ်တန့်ပေးဖို့ အစိုးရထံ တောင်းဆိုနေကြတာဖြစ်ပါတယ်။ သပိတ်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
