ကျောက်မျက်အသင်း ဥက္ကဌနဲ့ အလုပ်အမှုဆောင်သစ်တွေကို ကန့်ကွက်

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ရွေးချယ်ခံခဲ့ရ တဲ့ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌနဲ့ အလုပ်အမှုဆောင်တွေဟာ မြန်မာနိုင် ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းရဲ့ သင်းဖွဲ့စည်း မျဉ်းတွေနဲ့ မကိုက်ညီတဲ့အတွက် ကန့်ကွက်ကြောင်း မန္တလေးမြို့မှာရှိတဲ့ ကျောက်မျက်လုပ်ငန်းရှင်တွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ အိသဉ္ဇာအောင် ကျောက်မျက် ကုမ္ပဏီပိုင်ရှင် ဦးသက်မောင်မြင့်က အခုလိုပြော ပါတယ်။

"အခု အသင်းရွေးချယ်လိုက်တဲ့ပုံဆိုရင် သူတို့အဖွဲ့နဲ့ သူတို့ပုံစံအတိုင်း ရွေးချယ်တယ်၊ ဥက္ကဌရွေးချယ်တော့မှ လူ ၆ ယောက်ကနေပြီးတော့မှ ကိုယ်ရေးရာဇ ဝင်တွေ ရွေးချယ်ခွင့်တွေကို ပေးအပ်ထားတယ်၊ ဒါပေမဲ့ အမှုဆောင်ရွေးချယ်တဲ့နေရာမှာ ကျနော်တို့မှာ ရှင်းပြခွင့်လည်းမရှိဘူး၊ ၁ လက်မ ဓါတ်ပုံလေးနဲ့ ကုမ္ပဏီလေးနဲ့လုပ်ပြီး ကျနော်တို့မှာ ရွေးချယ်ခဲ့ရတဲ့ဘဝဖြစ်တယ်၊ ဒီဟာကြီးက ရေရှည်မှာ နောင်လာနောင် သားတွေအတွက် မကောင်းတဲ့အချက်တစ်ချက်လို့ ယူဆပါတယ်"

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်းရဲ့ သင်းဖွဲ့မှတ်တမ်းနဲ့ သင်းဖွဲ့စည်းမျဉ်းတွေအရ အလုပ်အမှုဆောင်တွေဟာ သက်တမ်း ၇ နှစ်တာဝန်ယူခဲ့ပြီးသူတွေကို ထပ်မရွေးချယ်ဖို့ ပါဝင်ကြောင်း၊ လက်ရှိရွေးချယ်ခံထားရသူတွေဟာ အရင်ကတာဝန်ယူခဲ့သူတွေဖြစ်နေကြောင်း ကျောက်မျက်လုပ်ငန်းရှင်တွေ က ထောက်ပြပါတယ်။

မန္တလေးမြို့က ကျောက်မျက်လုပ်ငန်းရှင် ၁၅၀ ကျော် လက်မှတ်ရေးထိုးပြီး ကန့်ကွက်ကြောင်း အကြောင်းကြားစာ ကို မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌနဲ့ အလုပ်အမှုဆောင် ရွေးချယ်ပွဲကော်မရှင်ထံ ပေးပို့ ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း (ဗဟို) ကို အဖွဲ့ဝင်ပေါင်း ရှစ်ထောင်ကျော်နဲ့ ဖွဲ့စည်းထားပြီး မန္တလေး၊ မိုးကုတ်၊ ဖားကန့်၊ မိုင်းရှူး နဲ့ မြစ်ကြီးနားမြို့တွေမှာ အသင်းခွဲတွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့က ရန်ကုန်မြို့မှာ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌနဲ့ အလုပ်အမှုဆောင် စုစုပေါင်း ၄၅ ဦးကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။