မန္တလေးမှာ ကျောက်သမား တစ်သိန်းခန့် ဆန္ဒပြ

0:00 / 0:00

0:00 / 0:00

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ကျောက်ဝိုင်းကို တိုင်းဒေသကြီးအစိုးရက မြို့နဲ့ ၁၅ မိုင်လောက်ဝေး တဲ့နေရာအထိ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ အတွက် ကျောက်ဝိုင်းလုပ်ငန်းရှင်တွေ၊ အလုပ် သမားတွေနဲ့ မြို့ခံလူထု စုစုပေါင်း တစ်သိန်းနီးပါးခန့် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ကျောက်ဝိုင်းပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ နေရာဟာ မြို့နဲ့ အလှမ်းဝေးလွန်းတဲ့အတွက် အခုလိုဆန္ဒပြကြတာဖြစ် တယ်လို့ မဟာအောင်မြေကျောက်ဝိုင်းမှာရှိတဲ့ ကျောက် ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုဇော်လင်းက ပြောပါတယ်။

"အခက်အခဲတွေက အများကြီးရှိတယ်ခင်ဗျ၊ ကျနော်တို့ကျောက်ဝိုင်းထဲမှာ ၁ အချက်က အလုပ်သမား လက်လုပ်လက်စားလေးတွေက တစ်ယောက် ငါးထောင်ပဲရတယ်၊ အဲ့ကိုသွားမယ်ဆိုရင် အသွားအပြန်ကုန်ကျစရိတ် လေးထောင်ရှိမယ်၊ ဟိုမှာဆိုင်ကယ်အပ်မယ်၊ စက်ဘီးအပ်မယ်ဆို သူ့ငါးထောင်ကကုန်ပြီ၊ အဲ့တော့ သူတို့ရဲ့စားဝတ်နေရေး ခက်ခဲသွားပြီ၊ ၂ အချက်က ရန်သူမျိုးငါးပါ၊ ဒီမန္တလေးမြို့ ကျောက်ဝိုင်းကနေပြန်ရင်တောင်မှ ဒီနားမှာလူလစ်လို့ရှိရင် ရိုက်လုတယ်၊ ဟိုမှာဆိုရင် တော်တော်ဝေးတယ်၊ ဝေးတဲ့အခါကျတော့ ပွဲစားလေးတွေဆိုရင် လောလောဆယ် ပိုက်ဆံတော့မပါဘူး၊ ဒါပေမဲ့ ဟိုရောက်တဲ့ကုန်သည်ဆီကနေ ပစ္စည်းတစ်ခုကိုယူပြီး ပွဲတိုက်လိုက်တယ်၊ တည့်တော့ငွေချေလိုက်ပြီ၊ အဲ့ဒါကို တစ်ဖက်က ခိုးဆိုးဓါးပြက သိသွားလို့ရှိရင် သူအပြန်မှာ လုပ်လိုက်ပြီဆိုရင် ဒီပွဲစားလေးက ဒုက္ခလည်းရောက်မယ်၊ ဟိုဘက်ကိုလည်း လျော်ရမယ်၊ ကုန်သည်ကလည်း ပစ္စည်းဆုံးရှုံးမယ်၊ အဲဒါကြောင့်မို့ မပြောင်းရွှေ့ချင်တာလည်းပါတယ်"

မန္တလေးတိုင်း မြို့တော်ဝန် ဦးအောင်မောင်းက အခုလို ပြောင်းရွှေ့ဖို့ ညွှန်ကြားချက် ထုတ်ထားတာဖြစ်ပါတယ်။ မဟာအောင်မြေကျောက်ဝိုင်းမှာ လက်ရှိဆိုင်ခန်း တစ်ထောင်ကျော်ရှိပြီး ကျောက်လုပ်ငန်း အသက်မွေး ဝမ်းကျောင်းနေကြသူက တစ်သိန်းနီးပါးရှိပါတယ်။

ဒီအကြောင်း အပြည့်အစုံကို RFA သတင်းထောက် ကိုဆက်ပိုင်တိုးက တင်ပြထားပါတယ်။

အခုလို ကျောက်ဝိုင်းပြောင်းရွှေ့တာနဲ့ ပတ်သက်ပြီး မန္တလေးဒေသခံတချို့ရဲ့ ဝေဖန်ချက်တွေကို RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။