မန္တလေးတိုင်း အမရပူရမြို့နယ်အတွင်းက ရတနာပုံ တံတား တည်ဆောက်စဉ် သိမ်းထားတဲ့မြေတွေထဲကပိုနေတဲ့မြေ ၁၀ ဧကကို ပြန်ပေးဖို့ အမရပူရမြို့ နယ် ရွေကြက်ယက်ရွာက လယ်သမားတစ်ရာလောက် ဒီကနေ့ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီဇင်ဘာလကုန်မှာ အဲဒီလယ် ၁၀ ဧကကို ပြန်မပေးဘူး ဆိုရင် တရားနည်းလမ်းနဲ့ ထပ်မံတောင်းဆိုသွားမယ်လို့ ဒီနေ့ဆန္ဒပြပွဲမှာပါဝင်တဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့(အထက်ဗမာပြည်၊ MDCF) က ကိုစောလှအောင်က ပြောပါတယ်။
"အထက်အမိန့်အတိုင်း ပြန်မရဘူးဆိုရင် မိမိတို့တောင်သူတွေက မိမိတို့ပိုင်ဆိုင်တဲ့ အထောက်အထားတွေ လက်ဝယ်ကိုင်ပြီးတော့ မိမိတို့လယ်တွေကို ဒီလကုန်မှပြန်မပေးရင် ကာယကံရှင်တွေကိုယ်တိုင် လက်ရောက်ပြန်လည် တရားသဖြင့် သိမ်းဆည်းကြတော့မှာဖြစ်ပါတယ်၊ ဒါတောင်သူတွေရဲ့ နောက်ဆုံးအတိအလင်း အစည်းအဝေး ဆုံးဖြတ်ချက်ပါ"
ရတနာပုံ ဧရာဝတီမြစ်ကူးတံတား ဆောက်လုပ်ဖို့အတွက် ရွေကြက်ယက်ကျေးရွာကလယ်ဧက ၂၀ ကျော်ကို စစ်အစိုးရက ၂၀၀၁ ခုနှစ်က သိမ်းဆည်းခဲ့တာပါ။ စီမံကိန်းပြီးလို့ ပိုနေတဲ့မြေ ၁ဝ ဧကလောက်ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန အထူးစီမံကိန်းကြီး ၂ အဖွဲ့က ပြန်မပေးဘဲ အဆောက်အဦးတွေ ဆောက်လုပ်နေထိုင်နေတာဖြစ်တယ် လို့သိရပါတယ်။
အဲဒီတံတားကို လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး သိမ်းဆည်းခဲ့တဲ့မြေတွေထဲက ပိုနေတဲ့မြေေတွကို ပြန်ပေးဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ တံတားဆောက်လုပ်ရေးကို တာဝန်ယူခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းအထူးအဖွဲ့ကြီး ၂ က ပြန်မပေးဘဲ လျော်ကြေးငွေသာပေးဖို့ ကြိုးစားပေမယ့် တောင်သူတွေက လက်မခံခဲ့ပါဘူး။
