မန္တလေး လပ်ကီးဂျယ်လီစက်ရုံမှာ လုပ်သား ၃၀၀ နီးပါး ဆန္ဒပြ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်က Lucky Jelly စက်ရုံမှာ အလုပ်သမား ၃၀၀နီးပါးလောက်ဟာ အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးဖို့နဲ့ လုပ်ခလစာကို တစ်လ ၉ သောင်းအထိ တိုးမြှင့်ပေးဖို့အတွက် စက်ရုံဝင်းအတွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အလုပ်သမားတွေ ကြုံတွေ့ရတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲတွေကို လပ်ကီးဂျယ်လီစက်ရုံ အလုပ်သမား ကိုအောင်ကျော်လင်းက RFA ကို အခုလိုပြောပါတယ်။

"ကျနော်ဒီနေ့ဖျားတယ်၊ ဖျားလို့အလုပ်မဆင်းရင် လစာထဲကဖြတ်တယ်ခင်ဗျ၊ ဆေးခန်းတော့ လိုက်ပို့ပေးပါတယ်၊ လစာထဲကဖြတ်တယ်၊ ကျနော်တို့ ဒီနေ့အလုပ်စဝင်တယ်ဆိုလို့ရှိရင် အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ကို ရုံးခန်းထဲအပ်လိုက်ရပါတယ်၊ မှတ်ပုံတင် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ကျနော်တို့လက်ဝယ်ပြန်လိုချင်တာပါ ခင်ဗျ"

ဒါ့အပြင် အစိုးရရုံးပိတ်ရက်တွေအတိုင်း အလုပ်ပိတ်ပေးဖို့၊ လူမှုဖူလုံရေး အာမခံကတ်ပြားတွေ တရားဝင်ရရှိဖို့၊ အဆောင်စရိတ်နဲ့ စားစရိတ်တွေကို လစာငွေထဲက မဖြတ်တောက်ဖို့ စတဲ့အချက်တွေကိုလည်း အလုပ်သမားတွေက တောင်းဆိုနေကြပါတယ်။

အလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား ပြေလည်မှုရဖို့အတွက် ပြည်ကြီးတံခွန်မြို့နယ် မြို့နယ်ဖြန်ဖြေရေးအဖွဲ့က ဝင်ရောက်ညှိနှိုင်းပေးနေတယ်လို့ သိရပါတယ်။