ရတနာပုံတက္ကသိုလ်အတွင်းမှာ ပညာရေးဘတ်ဂျက် တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ ဗကသ ကျောင်းသား ကျောင်းသူတွေနဲ့ အစိုးရတာဝန်ရှိသူတွေ တေ့ွဆုံနိုင်အောင် ဆောင်ရွက်ပေးနေတယ်လို့ ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်နိုင် က ဒီနေ့ ပြောပါတယ်။
တာဝန်ရှိသူတွေက တစ်ရက် နှစ်ရက်နဲ့ မလာနိုင်သေးဘူးလို့ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်နိုင် က ပြောပါတယ်။
" သူတို့ ညှိနှိုင်းဖို့အတွက် ကျနော်တို့က ခေါ်ပေးတယ်။ ညှိနှိုင်းရေးလမ်းကြောင်းကို ကျနော်တို့က တင်ပေးတယ်။ ကျောင်းထဲမှာ ရုတ်ရုတ် ရုတ်ရုတ် မလုပ်စေချင်ဘူး။ မဆူညံစေချင်ဘူး။ စာသင်ခန်းတွေထဲကို ဝင်ပြီး မနှောင့်ယှက်စေချင်ဘူး။ အခုက စာတွေကပ်တယ်။ စာသင်ခန်းတွေထဲကို ဝင်တယ်ဆိုတော့ ဒါအများရဲ့ ဆန္ဒသဘောထားအရ ကျနော်တို့က အများဆန္ဒနဲ့ တူတူပဲ ဖြစ်တယ်။ အေးအေးဆေးဆေးပဲ သူတို့လိုချင်တာကို ပြောလို့ရအောင် ကျနော်တို့ လူကြီးတွေ စီစဉ်ပေးနေတယ်။ ခုကလေးတွေ နေရထိုင်ရတာကအစ ဒုက္ခဖြစ်တယ်။ ညအိပ်တာကအစ ဒုက္ခဖြစ်တယ်။ ည အေးလည်းအေးတယ်။ တကယ်တမ်း သူတို့က Main building ထဲမှာ နေတာ။ ဒါက သိပ်မကောင်းဘူး။ သူတို့အတွက်လည်း မကောင်းဘူး။ ကျန်းမာရေးအတွက်လည်း မကောင်းဘူး။ သူတို့ဖြစ်စေချင်တဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကိုသွားတာ အကောင်းဆုံးပဲ။ အဲလိုဖြစ်စေချင်တယ်။ ဒါက အားလုံးရဲ့ win win သီအိုရီပဲလေ။ သူတို့ ဒါတောင်းချင်တယ်။ တောင်းလို့ရအောင် ကျနော်တို့ လုပ်ပေးတယ်။ ဟိုကလူကြီးတွေ လာဖို့ဆိုတာ တစ်ရက်နဲ့ လာချင်လည်းလာမယ်။ နှစ်ရက်နဲ့ လာချင်လည်းလာမယ် "
ဒါ့အပြင် ကျောင်းဝင်းအတွင်းမှာ ဆန္ဒထုတ်ဖော်မှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် သတိပေးတာတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုလ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေမှာ မန္တလေးမြို့ ၊ ရတနာပုံတက္ကသိုလ်၊ ပြည်ထောင်စုခန်းမမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ တက္ကသိုလ် ကျောင်းသားသမဂ္ဂများ ပညာရေး နှီးနှောဖလှယ်ပွဲပြီး နောက်ရက်က စတင်ကာ ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့အတွက် ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
ကျောင်းသားသမဂ္ဂအဖွဲ့ပေါင်း ၂၁ ဖွဲ့က ကျောင်းသား ၁၀၀ ခန့် ဆန္ဒပြနေတာဟာ အနှောင့်အယှက်ဖြစ်တယ်ဆိုပြီး ရတနာပုံတက္ကသိုလ် ကျောင်းသားတချို့က ပါမောက္ခချုပ်ထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။
