စာပေနဲ့ စာနယ်ဇင်းအဖွဲ့ ပြောင်းလဲဖွဲ့စည်းမည်

လွတ်လပ်ပွင့်လင်းလာတဲ့ အခြေအနေနဲ့ ကိုက်ညီအောင် မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်းပြီး သီးခြားလွတ်လပ်တဲ့ အဖွဲ့ ၃ ဖွဲ့အဖြစ် ပြောင်းလဲဖွဲစည်းဖို့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်း အဖွဲ့ အလုပ်အမှုဆောင် အဖွဲ့ကဆုံးဖြတ်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို လာမယ့် မတ်လ ၂၄ ရက်နေ့ အရေးပေါ်ညီလာခံမှာ တင်သွင်းမှာ ဖြစ်တယ်လို့ အတွင်းရေးမှူး ဦးကိုကို (စက်မှု) က အာအက်ဖ်အေကို ပြောပါတယ်။

"မြန်မာနိုင်ငံ သတင်းစာဆရာအဖွဲ့ Myanmar Journalists' Association ၊ မြန်မာနိုင်ငံ စာရေးဆရာအဖွဲ့ Myanmar Writers' Association ၊ မြန်မာနိုင်ငံ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိသူများအသင်း ... ဆိုပြီး အသင်း ၃ သင်း ပြောင်းလဲ ဖွဲ့စည်းမယ်။ မြန်မာနိုင်ငံ စာပေစာနယ်ဇင်းအဖွဲ့ ဆိုတာ အရင် တပ်မတော်အစိုးရ လက်ထက်မှာ အဲဒီတုန်းက ခေတ်စနစ်နဲ့ လိုက်လျောညီထွေအောင် ဖွဲ့ခဲ့ရတဲ့ အဖွဲ့ဖြစ်တယ်။ အခု ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့ အခါမှာ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရ၊ အသွင်သဏ္ဍန်နဲ့ လိုက်ဖက်ညီမယ့် အဖွဲ့တွေ ပြောင်းလဲဖွဲ့စည်းဖို့ လိုအပ်လာတယ်။ အဲဒါကြောင့် ကျနော်တို့ ပြောင်းလဲဖွဲ့တာ ဖြစ်ပါတယ်"

ဒီအဖွဲ့ ၃ ဖွဲ့လုံးကို သီးခြား ဖွဲ့စည်းပုံအလိုက် လွတ်လွတ်လပ်လပ် ဖွဲ့စည်းထူထောင်မှာ ဖြစ်ပြီး အဲဒီ ဖွဲ့စည်းပုံတွေကို ညီလာခံမှာ တင်ပြဆွေးနွေး အတည်ပြုမှာ ဖြစ်တယ်လို့ ဦးကိုကိုက ပြောပါတယ်။

"ညီလာခံ ကိုယ်စားလှယ်တွေက ဖွဲ့ပါလို့ ပြောပြီဆိုရင်တော့ ကျနော်တို့က အသင်း ၃ သင်းလုံးအတွက် ဖြစ်မြောက်ရေးကော်မတီတွေ ဖွဲ့စည်းပြီးတော့ အမြန်ဆုံး ဖွဲ့စည်းသွားမယ်"

လောလောဆယ် တစ်နိုင်ငံလုံး အတိုင်းအတာအရ မြန်မာနိုင်င စာပေနဲ့ စာနယ်ဇင်းအဖွဲ့ဝင် ၇ ထောင်ကျော် ရှိတယ်လို့ သိရပါတယ်။