ရပ်ဆိုင်းခံထားရတဲ့ ဂျာနယ်တွေ ပြန်လည် ထုတ်ဝေခွင့်ပေးဖို့ တောင်းဆို

ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို စာပေ စိစစ်ရေးဌာနက အကန့်အသတ်မရှိ ရပ်ဆိုင်း အရေးယူခဲ့တဲ့အပေါ် ပြန်လည် စဉ်းစားပေးဖို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီက မနေ့က တောင်းဆိုလိုက်ပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလနဲ့ လိုက်လျောညီထွေ ဖြစ်စေပြီး နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု ပုံရိပ်တွေကို မြှင့်တင်နိုင်စေရေးအတွက် သတင်း မီဒီယာနဲ့ စာနယ်ဇင်းတချို့အပေါ် လတ်တလော အရေးယူနေတာတွေကို ပြန်လည် စဉ်းစားပေးဖို့ တောင်းဆိုရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းဖြစ်မြောက်ရေး ကော်မတီရဲ့ နာယက စာရေးဆရာ မောင်ဝံသက RFA ကို အခုလို ပြောပါတယ်။

"တိုင်းပြည်က ကမ္ဘာ့အလယ်မှာ မျက်နှာ ထယ်ထယ်ဝါဝါနဲ့ ရှိရမဲ့အချိန်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ ဖြစ်နေတဲ့အချိန်၊ ကြိုးစားနေကြတဲ့ အချိန် ဒီလိုအချိန်မျိုးမှာ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ အထင်မှားစရာ ထိပါးစရာ မဖြစ်သင့်ဘူး။ အထူးသဖြင့် ဒီလို ဂျာနယ်တွေကို အရေးယူတာမျိုး၊ တရားစွဲတာမျိုး အဲလိုအရေးယူတဲ့ ပုဂ္ဂိုလ်တွေ ပြန်ပြီး စဉ်းစားသင့်တယ်။ နိုင်ငံတော် သမ္မတကြီးက နေပြီးတော့ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေကိုလည်း ဒီလို ပိတ်ပင်မှုတွေ၊ အရေးယူမှုတွေက အဟန့်အတား ဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ ဒါမျိုးတွေကို ပြန်ပြီးတော့ ပြေပြေလည်လည်နဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးဖို့ ဆိုပြီးတော့ အဲဒီလိုတောင်းဆိုတာပါ"

အလားတူ ရန်ကုန်မြို့၊ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ မနေ့က ပြည်တွင်း ဂျာနယ်တွေက အယ်ဒီတာတွေ၊ သတင်းထောက်တွေ စုပေါင်းပြီး သတင်း လွတ်လပ်ခွင့် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး ထုတ်ဝေခွင့် ရပ်ဆိုင်းခံ ထားရတဲ့ ဂျာနယ်တွေကို ချက်ချင်း ပြန်လည် ထုတ်ဝေခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဖွဲ့စည်းလိုက်တဲ့ သတင်းလွတ်လပ်ခွင့် ကော်မတီရဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးဇော်သက်ထွေးက အခမ်းအနားနဲ့ ပတ်သက် ပြီး RFA ကို အခုလို ပြောပါတယ်။

"ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက The Voice နဲ့ Envoy ကို ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်တယ်။ ဒါပေမဲ့ အကန့်အသတ် မရှိဘူး။ အဲအတွက်ကြောင့် မီဒီယာသမားတွေ အနေနဲ့ ဒီလိုမျိုး တဖြည်းဖြည်း ထိန်းချုပ်ပြီးတော့ ပိုပြီးတော့ တင်းကျပ်လာတဲ့ ဥပဒေ အောက်ကနေပြီးတော့ ဘယ်လိုရှင်သန်နိုင်မလဲ ဆိုတာကို အခြေရှာဖို့ အတွက် ဒီနေ့ မီဒီယာသမားတွေအားလုံး တွေ့ဆုံပြီးတော့ ဆွေးနွေးကြတာ ဖြစ်ပါတယ်"

အဲဒီ အခမ်းအနားမှာ ထုတ်ဝေခွင့် ရပ်ဆိုင်းခံခဲ့ရတဲ့ ဂျာနယ်တွေကို ချက်ချင်း ထုတ်ဝေခွင့်ပြုဖို့ အပါအဝင် အချက် (၇) ချက်ပါ သဘောထား ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ကြေငြာချက်မှာ ပြုပြင်ပြောင်းလဲမှုကို နောက်ပြန်ဆွဲနေတဲ့ ပုဂ္ဂိုလ်တွေကို ဖယ်ရှားပေးဖို့နဲ့ ၁၉၆၂ ခုနှစ်က ထုတ်ပြန်ထားတဲ့ ပုံနှိပ်မီဒီယာ ဥပဒေတွေကို ရုပ်သိမ်းဖို့ စတဲ့ အချက်တွေ ပါဝင်ပြီး ပြည်တွင်း သတင်းသမား (၉၀) ကျော် က သဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီကြေညာချက်ကို မကြာခင် ရက်ပိုင်းအတွင်း သမ္မတရုံး၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ နိုင်ငံရေးပါတီတွေကို ပေးပို့မယ်လို့ သိရပါတယ်။ ဒါ့အပြင် သြဂုတ်လ (၄) ရက်နေ့မှာ မြန်မာ ဂျာနယ်လစ် ကွန်ရက် အဖွဲ့ဝင်တွေက "မီဒီယာ ဖိနှိပ်မှု ချက်ချင်းရပ်" စာတမ်းပါ တီရှပ်တွေကို ဝတ်ဆင်ပြီး ဆန္ဒ ထုတ်ဖော် သွားမယ်လို့လည်း သိရပါတယ်။