သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီးဌာနအလိုက် တကယ် ဖြေကြားပေးနိုင်မယ့် ပြောရေးဆိုခွင့် ရှိသူတွေကို သီးသန့်တာဝန်ပေးဖို့ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်တွေက ဝန်ကြီးဌာနတာဝန်ရှိသူတွေကို ဒီနေ့ တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ အစိုးရဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူတွေနဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေ၊ မီဒီယာလုပ်ငန်းလုပ်ကိုင်နေသူတွေ ဒီနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ တေ့ွဆုံစဉ် အကြံပေးခဲ့တာဖြစ်တယ်လို့ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစော က ပြောပါတယ်။
"သူတို့က ပင်မတာဝန်တွေရှိကြတယ်၊ မူရင်းတာဝန်နဲ့ တွဲဘက်ပြီးတော့ ပြောရေးဆိုခွင့်ရှိတဲ့သူလုပ်ပါလို့ တာဝန်ပေးသလိုဖြစ်နေပြီ၊ ဒီအလုပ်နှစ်ခွလုပ်တဲ့အခါမှာ မူလအလုပ်ကိုလည်း စွန့်လို့လည်းမရ ဒီဘက် ကဖြေသမျှကို အချိန်ပြည့်အားဖို့လည်း မလွယ်ဘူး၊ အခက်အခဲတွေ ရှိကြောင်းပြောကြတယ်၊ ကျနော်တို့ကလည်း အကြံပြုတာကတော့ သီးခြားတာဝန်ပေးသင့်တယ်၊ သူ့ရဲ့ပင်မအလုပ်ကဒါပဲ၊ အဲ့ဒီလူကိုမှ အမြဲတမ်းအတွင်းဝင်၊ ဒုတိယဝန်ကြီးအဆင့် အဲ့လူတွေက ကွပ်ကဲပြီးတော့ ဌာနအတွင်းမှာရှိတဲ့ သတင်းအချက်အလက်ကိုလည်း စုစည်းနေ၊ အပြင်ကမေးရင်လည်း ဖြေစရာတာဝန်ဒါပဲရှိတယ်၊ အဲ့ဒါမျိုးလုပ်ဖို့ ကျနော်ကအကြံပြုလိုက်တယ်"
ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် ခန့်အပ်ခံထားရသူတွေမှာလည်း ဌာနအလိုက်တာဝန်တွေကလည်း ရှိနေပြန်တာကြောင် သတင်းမီဒီယာတွေက မေးမြန်းတာတွေကို အချိန်ပေးပြီး သီးသန့်ဖြေဆိုဖို့ အခက်အခဲ ရှိတယ်လို့ ပြန်လည်ဆွေးနွေးကြပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက်ကလည်း ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူတွေကို ခန့်အပ်ထားပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ထုတ်ပြန်ထားပေမယ့် သတင်းမီဒီယာတွေ ဆက်သွယ်ရာမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။
သတင်းမီဒီယာကောင်စီရဲ့ အကြံပြုချက်တွေကို တက်ရောက်လာကြတဲ့ ပြောရေးဆိုခွင့်ရှိသူတွေက လက်ခံကြပြီး သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြန်လည်တင်ပြကြဦးမယ်လို့ ပြောကြပါတယ်။
ဒီနေ့ အခမ်းအနားကို ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် အပါအဝင် ဝန်ကြီးဌာန ၂၁ ခုက ပြောရေးဆိုခွင့် ရှိသူတွေ တက်ရောက်ကြပြီး နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကတော့ တက်ရောက်ခြင်းမရှိပါဘူး။
