လွတ်လပ်တဲ့ သတင်းမီဒီယာ ဥပဒေပေါ်ပေါက်လာဖို့အတွက် မြန်မာဂျာနယ်လစ်ကွန်ရက် MJN အဖွဲ့ဝင်တွေက ဇူလိုင်လ ၃၁ ရက်နေ့ကနေစပြီး ရန်ကုန်မြို့နဲ့ နယ်မြို့တွေမှာ ပြည်သူတွေထံက လက်မှတ်တွေ စုဆောင်းကောက်ယူနေပါတယ်။
အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို ပြန်လည်သုံးသပ်ပေးဖို့အပြင်၊ စာနယ်ဇင်းကောင်စီ (ယာယီ)က ရေးဆွဲထားတဲ့ မီဒီယာဥပဒေမူကြမ်းကို လွှတ်တော်မှာ တင်သွင်းနိုင်ရေးအတွက်ရည်ရွယ်ပြီး လက်မှတ်တွေ စုဆောင်းကောက်ယူနေတာပါ။
ရန်ကုန်မြို့ လူစည်ကားရာနေရာတွေဖြစ်တဲ့ လှည်းတန်းလမ်းဆုံ၊ မြေနီကုန်းလမ်းဆုံနဲ့ ဆူးလေဘုရား အနီးတဝိုက်တွေမှာ ကောက်ယူခဲ့တာပါ။ လာမယ့်သီတင်းပတ် ဗုဒ္ဓဟူးနေ့အထိ ကောက်ယူသွားမယ်လို့ သိရပါတယ်။