လွတ်လပ်တဲ့ သတင်းမီဒီယာဥပဒေ ပေါ်ပေါက်လာဖို့အတွက် မြန်မာဂျာနယ်လစ်ကွန်ရက် MJN အဖွဲ့ဝင်တွေက "လူထုသတင်းမှန်ရရှိရေး မီဒီယာလွတ်လပ်ခွင့်ပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇူလိုင်လ ၃၁ ရက်နေ့ကစပြီး ရန်ကုန်မြို့နဲ့ နယ်မြို့တွေမှာ ပြည်သူတွေထံက လက်မှတ်တွေ စုဆောင်းကောက်ယူနေရာမှာ ရန်ကုန်မြို့မှာတင် ဒီကနေ့ လက်မှတ် ၈ဝဝ ကျော် ကောက်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို ပြန်လည်သုံးသပ်ပေးဖို့အပြင်၊ စာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲထားတဲ့ မီဒီယာဥပဒေမူကြမ်းကို လွှတ်တော်မှာ တင်သွင်းနိုင်ရေးအတွက်ရည်ရွယ်ပြီး အခုလိုလက်မှတ်တွေကို စုဆောင်းကောက်ယူနေတာပါ။
ရန်ကုန်မြို့မှာတော့ လူစည်ကားရာနေရာတွေဖြစ်တဲ့ လှည်းတန်းလမ်းဆုံ၊ မြေနီကုန်းလမ်းဆုံ ၊ ရွှေဂုံတိုင် ၊ တာမွေနဲ့ ဒလမြို့နယ်တွေမှာ ကောက်ယူခဲ့တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်မှ အတွင်းရေးမှူး (၂) ကိုသန်းဌေးက ပြောပါတယ်။
"မီဒီယာသမားတွေလည်း လက်မှတ်ထိုးတယ်၊ လက်ဘက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေမှာလည်း ပြည်သူတွေကို ရှင်းပြတယ်၊ သူတို့က လက်မှတ်ထိုးတယ်၊ ကားတွေပေါ်မှာလည်း မီဒီယာဥပဒေ လွတ်လပ်ခွင့်ပေးဆိုတဲ့ စတစ်ကာတွေကိုဝေပါတယ်၊ လမ်းသွားလမ်းလာတွေကိုလည်း သူတို့လိုချင်တယ်ဆိုရင်ပေးပါတယ်"
ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အနုပညာရှင်တွေကလည်း လက်မှတ်တွေ ရေးထိုးပေးခဲ့ကြတယ်လို့ ကွန်ရက်တာဝန်ရှိသူတွေက ဆိုပါတယ်။
လက်မှတ်ရေးထိုးပေးခဲ့တဲ့ အင်္ဂလိပ်စာဆရာ ဦးမြကြိုင်ကတော့ RFA ကို ခုလို ပြောပါတယ်။
"မပွင့်လင်းရင် နောက်ထပ်ဖြစ်လာမယ့် ပြဿနာတွေ အများကြီးပဲ၊ ပွင့်လင်းမှသာလျှင် ဆရာတို့တိုင်းပြည် ဒီထက်တိုးတက်အောင်၊ ကြီးပွားအောင်လုပ်ဖို့ လိုတယ်၊ မီဒီယာဥပဒေ လိုကိုလိုတယ်"
ဒီကနေ့အထိ ကောက်ယူရရှိတဲ့ လက်မှတ်ပေါင်း ၁၀၀၀ ကျော် ရှိနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လာမဲ့ဗုဒ္ဓဟူးနေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
