မီဒီယာ ဥပဒေအသစ်ကို မြန်မာ့သတင်းသမဂ္ဂ ဝေဖန်

2012-02-09

မြန်မာနိုင်ငံမှာ အသစ် ပြဋ္ဌာန်းမယ်ဆိုတဲ့ မီဒီယာ ဥပဒေဟာ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အာမခံနိုင်ဖွယ် မရှိဘူးလို့  BMA ခေါ် မြန်မာ့သတင်း သမဂ္ဂက ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။

ပြည်တွင်း ပြည်ပက မြန်မာ သတင်းသမားတွေနဲ့ နိုင်ငံခြား သတင်းသမားတချို့ကို ဖိတ်ခေါ်ပြီး မီဒီယာ ဥပဒေအသစ်န ပတ်သက်လို့ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ရန်ကုန်မြို့မှာ များမကြာမီက ကျင်းပခဲ့ပေမယ့် ဥပဒေအသစ်ပါ အသေးစိတ် အချက်အလက်တွေကို မသိရှိရဘဲ မာတိကာကိုသာ စာပေစိစစ်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်ဆွေက တင်ပြခဲ့တယ်လို့ BMA ရဲ့ကြေညာချက်မှာ ဖော်ပြ ပါရှိပါတယ်။

BMA ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်ကတော့ ဒီမီဒီယာဥပဒေနဲ့ ပတ်သက်ပြီးခုလိုပြောပါတယ်။

“လွှတ်တော်ကို ရောက်နေတယ်ဆိုတဲ့ ဒီမီဒီယာ ဥပဒေကို ပြုစုတဲ့အခါတုန်းက ဦးတင့်ဆွေ ကိုယ်နှိုက်ကလည်းပဲ ဝန်ခံခဲ့ပါတယ်။ မီဒီယာ ဥပဒေဟာ ၁၉၆၂ ခုနှစ်တုန်းက ပြဋ္ဌာန်းထားတဲ့ ပုံနှိပ်နဲ့ထုတ်ဝေရေး ဥပဒေပေါ်မှာ အခြေခံထားပါတယ်။ အစိုးရသစ်တစ်ခုရဲ့လက်ထက်မှာ မီဒီယာဥပဒေသစ် တစ်ခုကို ဖော်ဆောင်မယ်၊ အဲဒီ ဥပဒေဟာလည်းပဲ ဒီမိုကရေစီ လောကကို ရှေးရှုတဲ့အခါမှာ သုံးတဲ့ဥပဒေဖြစ်တယ်လို့ ဆိုလို့ရှိရင် ဒီဥပဒေဟာ ဥပဒေအသစ်ကို ဖြစ်သင့်ပါတယ်။ အရင်တုန်းက ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေအဟောင်း အပေါ်မှာ အခြေခံထားတဲ့ ဥပဒေ ဖြစ်ကို မဖြစ်ထိုက်ပါဘူး”

သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ပြင်းပြင်းထန်ထန် ထိန်းချုပ်ထားတဲ့ ၁၉၆၂ ခုနှစ် ပုံနှိပ်သူနဲ့ ထုတ်ဝေသူများ အက်ဥပဒေကို လုံးဝဖျက်သိမ်းပြီး လွတ်လပ်စွာ ပြောဆို ရေးသားခွင့်ကို ဖိနှိပ် ချုပ်ချယ်တဲ့ ၁၉၅၀ ခုနှစ် အရေးပေါ်အက်ဥပဒေ၊ အစိုးရ လျှို့ဝှက်ချက်ဥပဒေ စတာတွေ အပါအဝင် မီဒီယာ လွတ်လပ်ခွင့်ကို ထိပါးတဲ့ အခြားအခြားသော ဥပဒေတွေကိုလည်း ပြင်ဆင်တာ၊ ရုပ်သိမ်းတာတွေ ပြုလုပ်သင့်တယ်လို့ BMA မြန်မာ့ သတင်းသမဂ္ဂက ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်