မီဒီယာဥပဒေဆိုင်ရာ တိုင်ကြားစာ အမျိုးသားလွှတ်တော်က ကြားနာ

ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲတဲ့ သတင်းမီဒီယာဥပဒေအပေါ် စာနယ်ဇင်းသမားတွေ စုပေါင်းလက်မှတ်ထိုး တိုင်ကြားထားတာနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်ကော်မတီ ဥက္ကဋ္ဌတွေက စာနယ်ဇင်းသမားတွေကို ဒီကနေ့ ခေါ်ယူပြီး ပထမဆုံး ကြားနာခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီး အပြောင်းအလဲ မဖြစ်မီ ယာယီ အပိတ်ခံခဲ့ရတဲ့ The Voice, Envoy နဲ့ လျှပ်တပြက်ဂျာနယ်တွေက အယ်ဒီတာတွေ၊ စာပေစိစစ်ရေးဌာန အကြီးအကဲ ဦးတင့်ဆွေနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂက တာဝန်ရှိသူ ဦးဇော်သက်ထွေးတို့ကို အမျိုးသားလွှတ်တော် ကော်မတီ ဥက္ကဋ္ဌ ၄ ဦးနဲ့ ကော်မရှင်ဥက္ကဋ္ဌ ၁ ဦးပါဝင်တဲ့အဖွဲ့က တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်ကော်မတီ ခေါင်းဆောင်တွေက အယ်ဒီတာတွေနဲ့ ဆွေးနွေးရာမှာ သတင်းလွတ်လပ်ခွင့် ကော်မတီက တိုင်ကြားထားချက်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ မီဒီယာကဏ္ဍရဲ့ အရေးကြီးတဲ့ အချက်တွေကို အဓိကထား မေးမြန်းခဲ့တယ်လို့ ကြားနာပွဲ တက်ရောက်ခဲ့တဲ့ လျှက်တပြက်ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးဝဏ္ဏက RFA ကိုပြောပါတယ်။

"အဓိက သတင်းလွတ်လပ်ခွင့် ကော်မတီက ဂျာနယ်လစ်တွေ လက်မှတ်ထိုးပြီး တိုင်ထားတဲ့ဟာကို အခြေခံတာပေါ့နော်။ နောက်တစ်ခုက မီဒီယာဥပဒေ ရေးဆွဲလာရင် ဘယ်လိုလူတွေ ပါသင့်လဲ၊ ပြည်သူတွေကို ဘယ်လိုချပြသင့်လဲ။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ စတုတ္ထမဏ္ဍိုင် ဘယ်လောက်အရေးကြီးသလဲ၊ စတုတ္ထမဏ္ဍိုင်မှာရှိနေတဲ့ တကယ်လုပ်နေတဲ့ လူတွေရဲ့ သဘောထားတွေကို ခေါ်မေးတာလို့ ပြောလို့ရတယ်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရတယ်။ သူတို့က ဒါတွေကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌရော၊ လွှတ်တော် ဥက္ကဋ္ဌတွေကို တင်ပြမယ်"

မကြာမီကာလမှာ ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတဲ့ မီဒီယာဥပဒေဟာ အာဆီယံနိုင်ငံတွေမှာ ပြဋ္ဌာန်းပြီးဖြစ်တဲ့ မီဒီယာ ဥပဒေတွေထက် နိမ့်ကျမှာ မဟုတ်ဘူးလို့ စာပေစိစစ်ရေးဌာန အကြီးအကဲ ဦးတင့်ဆွေက ဒီကနေ့ ကြားနာမှုအပြီး သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

စာနယ်ဇင်း လွတ်လပ်ခွင့် ကော်မတီက အချက် ၇ ချက်ပါတဲ့ တောင်းဆိုစာကို နိုင်ငံတော်သမ္မတနဲ့ လွှတ်တော် ဥက္ကဋ္ဌတွေထံ သြဂုတ်လဆန်းပိုင်းမှာ ပေးပို့ခဲ့တာကြောင့် သက်ဆိုင်ရာ လွှတ်တော်ကော်မတီ အကြီးအကဲတွေက စာနယ်ဇင်းအဖွဲ့ ဦးဆောင်သူတွေကို ဒီကနေ့ နေပြည်တော် လွှတ်တော်အဆောက်အဦး ခန်းမတစ်ခုမှာ တွေ့ဆုံဆွေးနွေးကြောင်း သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ စာနယ်ဇင်း လွတ်လပ်ခွင့် ကော်မတီ အကြီးအကဲ ဦးဇော်သက်ထွေးကို RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

0:00 / 0:00