ဒီမိုကရေစီစနစ် ပြောင်းလဲရေးမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍအပြင် မီဒီယာဥပဒေနဲ့ ပတ်သက်လို့ အဓိက ဆွေးနွေးခဲ့တယ်လို့ စီစဉ်သူတစ်ဦးဖြစ်တဲ့ ရန်ကုန်သတင်းစာနယ်ဇင်း ဥက္ကဋ္ဌ ဦးကိုကို (စက်မှု)က အာအက်ဖ်အေကို ပြောပါတယ်။ နိုင်ငံခြားသား ပညာရှင်သုံးဦး ပါဝင်ဆွေးနွေးကြောင်း၊ ပြည်သူတွေအတွက် သတင်း ဘယ်လိုဖြန့်ဝေပေးမလဲ ဆိုတာကိုလည်း မိမိတို့ ဆွေးနွေးကြကြောင်း ဦးကိုကို (စက်မှု)က ပြောပါတယ်။ ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်ဆွေက ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ မီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ သတင်း စာနယ်ဇင်းသမားတွေအနေနဲ့ အသေးစိတ် မသိရသေးဘူးလို့ဆိုပါတယ်။ ဆွေးနွေးပွဲကို မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းကပညာရှင်တွေ တက်ရောက်ကြသလို ပြည်ပ သတင်းမီဒီယာဌာနတွေထဲက မဇ္ဈိမ၊ ဗွီအိုအေနဲ့ ဘီဘီစီ (မြန်မာပိုင်း)ဌာန ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ "ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခုအတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု" ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဒီအလုပ်ရုံ ဆွေးနွေးပွဲကို နှစ်ရက်တာ ကျင်းပမှာပါ။