လေးနှစ်အတွင်း မန်းဆေးတက္ကသိုလ် ကျောင်းသား ၅၀၀ ကျော် ကျောင်းထုတ်ခံရ

မန္တလေး ဆေးတက္ကသိုလ်မှာ ပါမောက္ခချုပ် ဒေါက်တာ ဦးသန်းဝင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ လေးနှစ်တာ ကာလအတွင်း ကျောင်းထုတ်ခံခဲ့ရတဲ့ ကျောင်းသား ၅၀၀ ကျော်ရှိကြောင်း ကျောင်းထုတ်ခံရတဲ့ ကျောင်းသားတွေက ဒီကနေ့ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ မြန်မာ ဂျာနယ်လစ် ကွန်ရက်ရုံးမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

အဲဒီလို ကျောင်းထုတ်ခံရတာဟာ သူတို့အခွင့်အရေးတွေ ဆုံးရှုံးတာဖြစ်တဲ့အပြင် ကျောင်းပြန်လည်တက်ခွင့်ရရေးအတွက် အခုလို သတင်းစာရှင်းလင်းပွဲ ကျင်းပရတာဖြစ်ကြောင်း၊ ကျောင်းအုပ်ချုပ်ရေးရဲ့ စီမံခန့်ခွဲမှု အမှားတွေကြောင့် သူတို့နစ်နာရတာဖြစ်ကြောင်း မန္တလေး ဆေးတက္ကသိုလ် တတိယနှစ်မှာ ကျောင်းထုတ်ခံရတဲ့ ကိုကောင်းဆက် က ပြောပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ဗကသ - ဗမာနိုင်ငံလုံးဆိုင်ရာက ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း ဆေးတက္ကသိုလ်ကျောင်းသားများ ထုတ်ပယ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက်တွေ ဖတ်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆေးတက္ကသိုလ်လေးခုရှိရာ မန္တလေး ဆေးတက္ကသိုလ်မှာ ကျောင်းထုတ်ခံရတဲ့ ကျောင်းသားတွေ အများဆုံးဖြစ်ပြီး၊ အဲဒီလို ကျောင်းသားအများအပြား ကျောင်းထုတ် ခံရတာနဲ့ ပတ်သက်ပြီး ကျောင်းအုပ်ဆရာကြီး ဦးသန်းဝင်းအနေနဲ့ ပြေလည်အောင်ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။