ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်က မိချောင်း ကန်ပြည်သူတွေဟာ သပိတ်အရှိန်မြှင့်တဲ့အနေနဲ့ တတိယမြောက်နေ့အဖြစ် မြို့တော်ခန်းမရှေ့မှာ မနေ့ကဆက်လက် ဆန္ဒပြနေပေမဲ့ သက်ဆိုင်ရာက လာရောက်ဆွေးနွေးတာ မရှိသေးပဲ ညပိုင်းမှာ ရဲအင်အားချထားလို့ ထိတ်လန့်နေကြတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး သပိတ်မှောက်ပြည် သူတွေကို လာရောက်အားပေး ကူညီနေတဲ့ ကိုဝေမှူးသွင်က ပြောပြပါတယ်။
"၈ နာရီကနေ ၁ဝ နာရီမထိုးခင်ကြားထဲမှာတော့ သူတို့ဘက်ကလှုပ်ရှားမှု တစုံတရာလုပ်တယ်၊ သူတို့က ဘားလမ်းဘက်အပေါက်ကနေပြီးတော့ လူတွေကိုမြို့တော်ခန်းမထဲကို ခေါ်သွင်းနေတာတွေ တွေ့ရတယ်၊ တော်တော်များများကတော့ ကျနော်တို့ဘက်ကရော၊ နောက်မြင်တဲ့ပြည်သူတွေကရော စွမ်းအားရှင်တွေ ဒါမှမဟုတ်ကြံ့ဖွံ့တွေကို သူတို့အတွင်းထဲထည့်ပြီးတော့ သပိတ်စခန်းထဲက ပြည်သူတွေနဲ့ ပဋိပက္ခဖြစ်သွားအောင် လုပ်တော့မယ် လို့ စိုးရိမ်မှုတွေဖြစ်လာတယ်၊ ဖြစ်လာတဲ့အခါမှာ ကျနော်တို့အင်အားစုတွေရော၊ ဗ.က.သတွေရော၊ ၈၈ ကအကိုတွေရော အကုန်လုံးဝိုင်းစောင့်ပေးနေရတယ်၊ အဲ့အချိန်လောက်က ရဲအင်အား တိုးချဲ့မှုတွေ လုပ်တယ်၊ ဒီနားမှာ ရဲကား ၂ စီးလောက်နဲ့ ဟိုဘက် တစ်စီး၊ ဒီဘက်တစ်စီး နေရာချ ပြီးတော့ အင်အားပြတာတွေလုပ်တယ်၊ ဒါပေမဲ့ ပဋိပက္ခဖြစ်တဲ့အထိတော့ မဖြစ်ခဲ့ဘူး"
အရှိန်မြှင့်စတင်ဆန္ဒပြတဲ့ သောကြာနေ့ညမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆန္ဒပြသူတွေရဲ့ အသံတွေဖုံးလွှမ်းသွားအောင် အသံချဲ့စက်ဖွင့်နှောင့်ယှက်ခဲ့ပေမဲ့ စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာတော့ မဖွင့်တော့ဘူးလို့ ပြောပါတယ်။
မိကျောင်းကန် ရပ်ကွက် ၁ ၊ ၂ ၊ ၃ တွေကို ပထမပိုင်းမှာ တပ်ပိုင်မြေဆိုပြီး ဘိုးစဉ်ဘောင်ဆက် နေထိုင်လာသူတွေ ကို အဓမ္မဖယ်ရှားခဲ့တာပါ။ တပ်ပိုင်မြေဆိုပေမဲ့ အမျိုးသမီးကြီးတစ်ဦးဆိုရင် ၁၉၁၇ ခုနှစ် အင်္ဂလိပ်လက်ထက် ကတည်းက အခွန်ဆောင်နေခဲ့တဲ့ ဘိုးဘွားပိုင်မြေ အထောက်အထားတွေ အထင်အရှားရှိတာကို ပြသနိုင်တာမျိုး လည်းရှိတယ်လို့ ကိုဝေမှူးသွင်က ပြောပါတယ်။
မိကျောင်းကန်မြေသိမ်းခံရတဲ့ ကိစ္စကို လွှတ်တော်မှာ ထူးခြားဖြစ်စဉ်အဖြစ် တင်ပြထားတယ်လို့ ပြည်သူ့လွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများစုံစမ်းရေးကော်မရှင်က ဦးခိုင်မောင်ရည်က မိကျောင်းကန်ပြည်သူတွေကို ပြော ပါတယ်။ ဒါကိုလက်မခံပဲ ဆုံးဖြတ်ချက်ပေးနိုင်တဲ့ အစိုးရတာဝန်ရှိသူ တစ်ယောက်ယောက် လာရောက်ဆွေးနွေး ညှိနှိုင်းပေးဖို့ မိကျောင်းကန် သပိတ်ဆင်နွှဲနေသူတွေက တောင်းဆိုထားရုံမက အဖမ်းအဆီးခံမယ်ဆိုပြီး ဆန္ဒပြနေကြတာပါ။
သပိတ်စခန်းနောက်ဆုံး အခြေအနေတွေကို အဲ့ဒီမှာ သပိတ်သမားတွေကို အားပေးကူညီနေတဲ့ ကိုဝေမှူးသွင် ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။
