မိတ္တီလာအပါအဝင် ဝမ်းတွင်း၊ မလှိုင်၊ သာစည်မြို့နယ်တွေမှာ သမ္မတဦးသိန်းစိန်အမိန့်နဲ့ ဒီနေ့ မတ်လ ၂၂ ရက်နေ့မှာ အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အရင်က အဲဒီမြို့နယ်တွေမှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့ပေမယ့် အခြေအနေကို မထိန်းသိမ်းနိုင်တာကြောင့် စစ်တပ်အကူအညီကိုပါ ရယူရမယ်လို့ သမ္မတရဲ့အမိန့်မှာပါရှိပါတယ်။
မတ်လ ၂၁ ရက်နေ့ကနေ ဒီနေ့ မတ်လ ၂၂ ရက်နေ့အထိ မိတ္ထီလာမြို့အပါအဝင် အနီးနားက မြို့နယ် ၃ မြို့နယ်မှာ အင်းတကော်အခြေစိုက် တပ်မ ၇၇ စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၃ ရင်းကို အသုံးပြုပြီး အခြေအနေတွေ ငြိမ်သက်အောင် ထိန်းသိမ်းမယ်လို့ RFA က စုံစမ်းသိရပါတယ်။
ဒီတပ်ရင်းတွေဟာ သမ္မတရဲ့အရေးပေါ်ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်းမှာ သွားရောက်တာဝန်ယူဖို့ အသင့်စုဖွဲ့ပြီး၊ ဒီကနေ့မတ်လ ၂၂ ရက်နေ့ညနေက ရန်ကုန်ကနေ ထွက်ခွာသွားပြီလို့ ဆိုပါတယ်။
အရေးပေါ် အခြေအနေကိုဖြေရှင်းဖို့ နိုင်ငံတော်သမ္မတရုံးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက တိုက်ရိုက်ညွှန်ကြားမှာဖြစ်ပြီး မိတ္ထီလာမြို့မှာတော့ အမှတ် ၁ စစ်ဆင်ရေး အထူးအဖွဲ့မှုး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်ညိုစောတို့က အခြေစိုက်ပြီး ကွပ်ကဲမှာဖြစ်တယ်လို့ အဲဒီဒေသကို ရောက်ရှိနေတဲ့ တပ်မတော်အရာရှိတစ်ဦးက RFA ကို အတည်ပြုပြောကြားပါတယ်။