အိုအိုင်စီ ဆန့်ကျင်ရေး မိတ္ထီလာနဲ့ လားရှိုးမှာ ဆန္ဒပြ

မြန်မာနိုင်ငံကို လေ့လာရေးခရီးရောက်ရှိနေတဲ့ အိုအိုင်စီ ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့ကို မိတ္ထီလာမြို့က ရာနဲ့ချီတဲ့ဒေသခံတွေဟာ ဒီနေ့ မိတ္ထီလာမြို့၊ ရွှေမြင်တင်ဘုရားမှာ ကန့်ကွက်ဆန္ဒပြကြပါတယ်။

အဲဒီ ရွှေမြင်တင်ဘုရားမှာ ဒေသခံတွေနဲ့ သံဃာတော်တွေ စုဝေးကြပြီး ဆုတောင်းဆန္ဒပြကြတာလို့ သိရပါတယ်။ အဲဒီဆန္ဒပြမှုမှာပါဝင်တဲ့ မိတ္ထီလာမြို့ဒေသခံ ကိုဒီမောဆိုးက သူတို့ရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။

“ခိုးဝင်ဘင်္ဂါလီတွေကို မြန်မာတိုင်းရင်းသားတွေ လုံးဝလက်မခံဘူးဆိုတဲ့ အချက်ပေါ့နော်၊ အိုအိုင်စီရုံးခွဲများ မြန်မာနိုင်ငံမှာ မည်သည့်နေရာမှ လက်ခံဖွင့်လှစ်ခြင်းမပြုဆိုတဲ့အချက်၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် မြန်မာနိုင်ငံသား ဥပဒေ ဖြစ်သည်ဆိုတဲ့ အချက်ပေါ့နော်၊ မြန်မာနိုင် ငံ ပြည်တွင်းရေးကို မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့ မှ ဝင်ရောက်စွက်ဖက်ခွင့်မပြု၊ နောက် အိုအိုင်စီ အလိုမရှိပေါ့၊ ခိုးဝင်ဘင်္ဂါလီများ ရခိုင်ဒေသမှ အစ္စလာမ်မစ်နိုင်ငံများသို့ အများဆုံးပြန်လည်ခေါ်ယူရန် ဆိုတဲ့ အဲဒီအချက် ၆ ချက်နဲ့ ကျနော်တို့က ဆန္ဒဖော်ထုတ်တာပါ”

အလားတူ အိုအိုင်စီခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံလာရောက်တာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ လားရှိုးမြို့မှာလည်း ဒီကနေ့ ဒေသခံတွေ ရာနဲ့ချီဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရောက်ရှိနေတဲ့ အိုအိုင်စီ ခေါ် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ စစ်တွေ၊ မိတ္ထီလာစတဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေက ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာမှာဖြစ်တယ်လို့ သိရပါတယ်။

မနေ့မနက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိစဉ်မှာလည်း သံဃာတော်တချို့က ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတရုံးက အိုအိုင်စီရုံးခွဲကို မြန်မာနိုင်ငံမှာ ဖွင့်ခွင့်ပြုမှာမဟုတ်ကြောင်း မနှစ်က ဆန္ဒပြစဉ်ကတည်းက ကြေညာထားတာဖြစ်သလို အိုအိုင်စီအဖွဲ့ဟာ လူမှုရေးအကူအညီတွေပေးဖို့ သက်သက်သာဖြစ်ပြီး လက်တွေ့မှာလည်း ဒုက္ခသည်တွေအတွက် အကူအညီလိုအပ်ကြောင်း ကြေညာ ထားတာ ဖြစ်ပါတယ်။