မိတ္ထီလာဒုက္ခသည်တွေ နေရပ်ပြန်

0:00 / 0:00

မိတ္ထီလာအဓိကရုဏ်းကြောင့် အိုးအိမ်စွန့်ခွာပြီး စာသင်ကျောင်းတွေမှာ ယာယီခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေ မိမိတို့အိုးအိမ်တွေမှာ ပြန်လည်နေထိုင်ကြဖို့ အာဏာပိုင်တွေက စတင်စီစဉ်ပေးနေပြီဖြစ်ပါတယ်။

ဒုက္ခသည်တွေကို မတ္ထီလာ အထက ၃ နဲ့ ၅ မှာ နေရာချထားတာကြောင့် ကျောင်းဖွင့်ချိန်အမီ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ပေးနိုင်ဖို့ စီစဉ်နေတာဖြစ်တယ်လို့ အာဏာပိုင်တွေနဲ့အတူ ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ မိတ္တီလာမြို့နယ် ၈၈ မျိုးဆက်အဖွဲ့က ကိုခိုင်က RFA ကို ပြောပါတယ်။

မနေ့က ဒုက္ခသည်ဦးရေ ၆၅၀ လောက်ကို တစ်လစာ အစားအသောက်ထောက်ပံ့ပေးပြီး သူတို့အိုးအိမ်တွေမှာ ပြန်လည်နေရာချထားပေးပြီး ဧပြီလ ၂၈ ရက်နေ့မှာတော့ နောက်ထပ်လူဦးရေ ၂၀၀ ကျော်ကို နေရပ်ပြန်လည်ပို့ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မိတ္ထီလာမှာ မတ်လဆန်းကဖြစ်ခဲ့တဲ့ အဓိကရုဏ်းကြောင့် မီးထဲပါသွားတဲ့ အိုးအိမ်တွေရှိသလို အတော်များများဒုက္ခသည်တွေရဲ့ အိုးအိမ်တွေဟာ မပျက်စီးပဲ မူလအတိုင်းရှိနေတဲ့အတွက် အခုလိုပြန်လည်နေရာချထားနိုင်တာဖြစ်ပါတယ်။

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုခိုင်ကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားပါတယ်။