မိတ္ထီလာမြို့မှာ အဓိကရုဏ်းကြောင့် ပြီးခဲ့တဲ့ ၃ ရက်အတွင်း သေဆုံးသူ ၁၁ ဦးရှိပြီး၊ ဒဏ်ရာရသူ ၃၉ ဦးရှိတယ်လို့ စနေနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေက ဖော်ပြပေမယ့်၊ မြို့ခံတချို့ကတော့ သေဆုံးသူဦးရေဟာ ၄ဝနဲ့ ၅ဝ ကြားလောက် ရှိနိုင်တယ်လို့ပြောဆိုကြပါတယ်။ ဒါပေမယ့် ဒီကိန်းဂဏန်းကို RFA က အတည်ပြုဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
သမ္မတရဲ့ အရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ သောကြာနေ့ ညနေပိုင်းကစပြီး အခြေအနေ ငြိမ်သက်သွားခဲ့ပေမယ့် မြို့ခံတွေကတော့ စိုးရိမ်ထိတ်လန့်နေဆဲဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ မြို့ခံတစ်ဦးက RFA ကို အခုလိုပြောပါတယ်။
“ပုဒ်မ ၁၄၄ ထုတ်ထားလို့ လမ်းပေါ်မှာ လမ်းသလားလို့ မရဘူးပေါ့၊ ကိုယ့်လမ်းထိပ်တွေမှာ ယောကျ်ားတွေမှန်သမျှ အကုန်လုံး ညကင်းစောင့်နေကြတာ၊ မီးကွင်းပစ်မှာကြောက်လို့ စောင့်နေကြတာ၊ အထိတ်တလန့်ဖြစ်နေကြတယ်၊ ရပ်ကွက်ထဲကျန်ရှိတဲ့ ဗမာတွေကလည်း မီးလောင်မှာကြောက်တယ်၊ မီးရှို့မှာကြောက်တယ်၊ ဟိုထိန်းသိမ်းခံရတဲ့ဟာတွေကလည်း ရေဝဝမသောက်ရ၊ ထမင်းမစားရနဲ့ သူတို့လဲ ပင်ပန်းနေတယ်ပေါ့၊ ရဲအရာရှိပြောတာက တချို့ဆိုရင် ၃ ရက်လောက်တောင် ရေမသောက်ရလို့ တော်တော်ကိုငတ်နေတယ်လို့ပြောတာ၊ တချို့ကျတော့လည်း နည်းနည်းချောင်ကျတဲ့ နေရာတွေမှာကျတော့ လုံးလုံးပိတ်ပြီးတော့ အထဲမှာနေတဲ့လူတွေရှိတယ်၊ အခုတော့ တစ်ယောက်တစ်ပြန် ကြောက်နေကြတာ”
အန္တရာယ်ကနေ ကာကွယ်ပေးထားရတဲ့ ဒေသခံမူဆလင်တွေအတွက်ရော၊ ဗုဒ္ဓဘာသာဝင်တွေအတွက်ပါ ယာယီကယ်ဆယ်ရေးစခန်းအဖြစ် မိတ္ထီလာမြို့အမှတ် (၁) ရဲစခန်း၊ ခရိုင်အားကစားကွင်းနဲ့ ဓမ္မာစရိယကျောင်းတွေမှာ နေရာ ၃ နေရာခွဲပြီး ကူညီစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
အမှတ် (၁) ရဲစခန်းမှာတော့ လူပေါင်း ၆၀၀ ကျော်လောက်ရှိပြီး၊ သူတို့အတွက် ဒေသခံပြည်သူတွေရဲ့ အကူအညီနဲ့ စားသောက်စရာတွေ ထောက်ပံ့ထားတယ်လို့ တာဝန်ကျရဲအရာရှိတစ်ဦးက RFA ကိုပြောပါတယ်။
တချို့မူဆလင်တွေကတော့ သူတို့နဲ့ဆွေမျိုးနီးစပ်၊ အသိမိတ်ဆွေတွေရှိတဲ့ မိတ္ထီလာမြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ယင်းတော်ရွာဘက်ကို ထွက်သွားကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေဆီက တုတ်၊ ဓားလက်နက်တွေ သိမ်းဆည်းနေပါတယ်။ အခုအဓိကရုဏ်းနဲ့ပတ်သက်လို့ ၃ ရက်အတွင်း မသင်္ကာသူ ၅၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့မှုးရုံးအရာရှိတစ်ဦးက RFA ကို အတည်ပြုပြောဆိုပါတယ်။ အဲဒီ ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူတွေထဲမှာ မိတ္ထီလာမြို့ပေါ်ကတင်မကပဲ အနီးအနားမြို့ရွာတွေက လူတွေလည်းပါတယ်လို့ ဆိုပါတယ်။
မိတ္ထီလာမြို့မှာ မနေ့ကမနက်ပိုင်းအထိ အခြေအနေဆိုးဝါးနေခဲ့ပြီး အဆောက်အဦးတစ်ခုကို မီးရှို့နေစဉ် ဓါတ်ပုံရိုက်ခဲ့တဲ့ RFA နဲ့AP သတင်းထောက်တွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို သံဃာနဲ့ အကြမ်းဖက်သမားတချို့က ခေတ္တဖမ်းဆီးထားပြီး၊ ရိုက်ကူးထားတဲ့ ဓါတ်ပုံမှတ်တမ်းတင် မန်မိုရီကတ်တွေကို သိမ်းဆည်းခဲ့ပါတယ်။ သတင်းထောက်တွေကို ဓါးတွေနဲ့ ချိန်ရွယ်ခဲ့တယ်လို့လည်းဆိုပါတယ်။ နောက်ပိုင်းမှာ သူတို့ကို ဘုန်းတော်ကြီးကျောင်းတစ်ခုမှာ တခြားသံဃာတစ်ပါးက စောင့်ရှောက်ထားခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်တွေက သွားရောက်ကယ်တင်ကာ ဘေးလွတ်ရာကို ပို့ဆောင်ပေးခဲ့ပါတယ်။
မီးလောင်ပျက်ဆီးမှုနဲ့ပတ်သက်လို့လည်း ဒီသုံးရက်တာကာလအတွင်း နေရာ ၁၀ နေရာထက်မနည်း မီးလောင်ခဲ့တဲ့အတွက် စုစုပေါင်းအိမ်ခြေ ၃၀၀ လောက် ပျက်စီးခဲ့တယ်လို့ မိတ္ထီလာခရိုင် မီးသတ်တပ်ဖွဲ့အရာရှိတစ်ဦးက RFA ကို မနေ့ညက ပြောပါတယ်။
ရန်မျိုးအောင်ရပ်ကွက်၊ မင်္ဂလာဇေယျုံရပ်ကွက်မှာ အိမ်ခြေ ၁၅ လုံးကျော်၊ ချမ်းအေးရပ်ကွက်မှာ အိမ်ခြေ ၇၀ ကျော်၊ သီရိမင်္ဂလာရပ်ကွက်မှာ အိမ်ခြေ ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ မိတ္ထီလာမြို့အပါအဝင် မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့တွေကို တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၃ ရင်းနဲ့ ရဲတပ်ရင်း ၃ ရင်းပူးပေါင်းပြီး မိတ္ထီလာမြို့ရဲ့ လုံခြုံရေးကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် မိတ္ထီလာဒေသအခြေအနေကို နိုင်ငံတော်သမ္မတရုံးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ တိုက်ရိုက်ညွှန်ကြားချက်နဲ့ အမှတ် ၁ စစ်ဆင်ရေး အထူးတပ်ဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညိုစောတို့က ကွပ်ကဲနေတယ်လို့သိရပါတယ်။
ဒီအတောတွင်းမှာပဲ မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့မှာဖြစ်နေတဲ့ အဓိကရုဏ်းနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အထူးစိုးရိမ်ပူပန်မိကြောင်းနဲ့ သေဆုံးသူတွေနဲ့ ကျန်ရစ်သူမိသားစုတွေအတွက် ဝမ်းနည်းပါကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စ ဗစ်တိုးရီးယားနူလန်က ပြောလိုက်ပါတယ်။
သောကြာနေ့ကပြုလုပ်တဲ့ အမေရိကန်နိုင်ငံခြားရေးဌါနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောဆိုလိုက်တာပါ။ ဒီပဋိပက္ခအမြန်ပြီးဆုံးပြီး အခြေအနေတွေ တည်ငြိမ်အောင် အစိုးရအပါအဝင် နိုင်ငံရေးပါတီတွေ၊ လူမှုရေးအဖွဲ့အစည်းတွေက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ကိုလည်း အမေရိကန်နိုင်ငံခြားရေးဌါနက တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲကလဲ မြန်မာအစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေ တခြားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။