ပြီးခဲ့တဲ့ မတ်လကဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့ ပဋိပက္ခမှာ သံဃာတော် ဦးသောဘိတကို သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ ၇ ဦးကို မိတ္ထီလာခရိုင်တရားရုံးက ဒီကနေ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
တရားခံ ၇ ဦးကို ပြစ်ဒဏ်ချမှတ်ရာမှာ ထောင်ဒဏ် ၂ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ အသီးသီးချမှတ်ခဲ့ပြီး အသက် ၁၆ နှစ် မပြည့်သေးသူတစ်ဦးကိုတော့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။
ပြစ်ဒဏ် ၁၀ နှစ်အထက် ချမှတ်ခံရတဲ့ တရားခံတွေကို မြင်းခြံထောင်ကိုပို့မှာဖြစ်ပြီး ၁၀ နှစ်အောက် ပြစ်ဒဏ်ချမှတ်ခံရသူတွေကိုတော့ မိတ္ထီလာအကျဉ်းထောင်မှာပဲ ထားရှိမှာဖြစ်ပါတယ်။
ဒီကနေ့ တရားခံတွေကို အမိန့်ချမှတ်ရာမှာ လုံခြုံရေးအရ တရားရုံးထဲကို ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးခဲ့ဘူးလို့ ဒီအမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသိန်းသန်းဦးက RFA ကို ပြောပါတယ်။
ဒီကနေ့ အမိန့်ချမှတ်ခံရတဲ့ တရားခံတွေဟာ အဏ္ဏဝါ (ခေါ်) မြတ်ကိုကို၊ ကိုမျိုးထွန်း၊ ကိုမျိုးညွှန့်၊ ကိုဖိုးချို၊ ရာချီး (ခေါ်) ကိုမျိုးဝင်း၊ ကိုဇော်သက်နိုင်၊ ကိုညီညီအောင်တို့ ဖြစ်ပါတယ်။
တရားခံ ၇ ဦးကို အခုလိုပြစ်ဒဏ်ချပြီးသွားပေမယ့် လူသတ်မှုမှာပါဝင်တယ်လို့ ယူဆရသူ တခြား ၄ ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေဆဲလို့ သိရပါတယ်။
ဒီအမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးသိန်းသန်းဦးကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။