မိတ္ထီလာ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး အရေးပေါ် အစည်းအဝေးခေါ်ယူ

မိတ္ထီလာ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက အရေးပေါ်အခြေအနေ ကြေညာထားတာ ရက်ပေါင်း ၆၀ ပြည့်တာကြောင့် အခြေခံ ဥပဒေပြဌာန်းချက်အရ ဒီကိစ္စကို ဆွေးနွေးဖို့ ဒီနေ့မှာ ပြည်ထောင်စု လွှတ်တော်အရေးပေါ် အစည်းအဝေးကို စတင်ခဲ့ပါတယ်။

ဒီနေ့ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က အဲဒီအရေးပေါ်ဥပဒေကို ဆက်လက်ထားရှိဖို့ အဆိုတင်သွင်းသွားပါတယ်။

ဒုက္ခသည်တွေအားလုံး သက်ဆိုင်ရာ နေအိမ်တွေပြန်ရောက်မှသာ သမ္မတထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ အရေးပေါ်ဥပဒေကို ရုတ်သိမ်းသင့်ကြောင်း မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က အခုလိုပြောပါတယ် ။

"ဒုက္ခသည်တွေက မွတ်စလင်ဒုက္ခသည်တွေရော ဗုဒ္ဓဘာသာ ဒုက္ခသည်တွေရော စခန်းမှာရှိနေသမျှ ကာလပတ်လုံးက အခြေအနေက ပုံမှန်ပြန်မဖြစ်သေးဘူး၊ သူတို့ပြန်ရောက်မှသာလျှင် ပုဒ်မ ၁၄၄ ကို ပြန်လည်ရုတ်သိမ်းဖို့ တိုက်တွန်းတာပေါ့၊ အဲ့ဒါက တစ်လဖြစ်ရင်ဖြစ်မယ် နှစ်လဖြစ်ရင်ဖြစ်မယ် အကန့်အသတ်ထားတာတော့ ကျွန်တော်တို့ မထောက်ခံဘူး၊ ရပ်ကွက်လိုက် ရပ်ကွက်လိုက် ကင်းစောင့်တာတွေ ဘာတွေက အဲ့ဒါတွေကြောင့်ဖြစ်တာ၊ မီးလန့်တာတွေဖြစ်တယ်၊ မှောင်ရိပ်ခိုပြီးမှ ချဉ်းကပ်တာတွေကရှိတယ်၊ ဘယ်သူက ချဉ်းကပ်ပြီး ဘယ်လိုလုပ်နေတယ်ဆိုတာက ခုထိဖော်ထုတ်လို့ မရသေးဘူး၊ ဒါတွေက ရပ်ကွက်လိုက်ဖြစ်ပြီဆိုတာနဲ့ အကုန်လုံးက ညမှာကျီးလန့်စာ စားဖြစ်ရတော့တာပဲ၊ အဲ့ဒါတွေရှိနေတဲ့အတွက်ကြောင့်မို့ ကျွန်တော်က ၁၄၄ ကို ဆက်ထားစေချင်တာ"

မိတ္တီလာမြို့ မှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ မတ်လ ၂၂ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မိတ္တီလာ၊ ဝမ်းတွင်း၊ မလှိုင်နဲ့ သာစည်မြို့နယ်တွေမှာ အရေးပေါ် အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို အရေးပေါ်အခြေအနေ ကြေညာပြီး ရက်ပေါင်း ၆၀ ပြည့်ရင် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူရမယ်လို့ ပါရှိကြောင်းသိရပါတယ်။

မိတ္ထီလာနဲ့ မြို့နယ်တချို့မှာ ထုတ်ပြန်ထားတဲ့ အရေးပေါ်အမိန့်ကို ဆက်လက်ထားရှိ သင့်- မသင့် ဆိုတာကို မနက်ဖြန် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။