မိတ္ထီလာ အရေးပေါ် ကာလ နောက်ထပ် နှစ်လတိုး

0:00 / 0:00

အဓိကရုဏ်းတွေ ဖြစ်ခဲ့တဲ့ မန္တလေးတိုင်းအတွင်းက မိတ္ထီလာမြို့နယ်မှာ နိုင်ငံတော် သမ္မတအမိန့်နဲ့ ပုဒ်မ ၁၄၄ အရေးပေါ် အခြေအနေ ကြေညာထားတာကို ဒီကနေ့ကစပြီး နောက်ထပ်ရက်ပေါင်း ၆၀ ထပ်မံတိုးမြှင့်လိုက်ကြောင်း နေပြည်တော်မှာ ဒီကနေ့ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။

ပုဒ်မ (၁၄၄) ကို ဆက်လက်ထားရှိဖို့ လွှတ်တော်က အတည်ပြုလိုက်တာကို ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က အခုလို ကြေညာခဲ့ပါတယ်။

“သမ္မတရဲ့ အရေးပေါ်အခြေအနေ ကြေညာချက် နဲ့ ပတ်သက်ပြီး အတည်ပြုရန် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၃ နည်းဥပဒေခွဲ (က) အရ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူမှာဖြစ်ပါတယ်၊ ယခုလွှတ်တော်ရဲ့ ဆန္ဒရယူပါမယ်၊ ထောက်ခံဆန္ဒမဲများတဲ့ အတွက် နိုင်ငံတော်သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အမှတ် ၁/၂ဝ၁၃ အရေးပေါ် အခြေအနေ ကြေညာခြင်းကို အတည်ပြုကြောင်းကြေညာပါတယ်”

ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ဒုတိယနေ့မှာ နိုင်ငံတော်သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့် အမှတ်(၁/၂၀၁၃) သတင်းထုတ်ပြန်ချက်အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက ဆွေးနွေးခဲ့ကြပြီးနောက် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

မိတ္ထီလာမြို့မှာ ပုဒ်မ (၁၄၄) အရေးပေါ်အခြေအနေ အမိန့်ထုတ်ပြန်ခဲ့ရမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာ အခုလိုဆွေးနွေးသွားခဲ့ပါတယ်။

“မိတ္ထီလာမှာဖြစ်ခဲ့တဲ့ ကိစ္စတွေဟာဆိုလို့ရှိရင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာက တည်ဆဲဥပဒေများအရ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေကို အပြည့်အဝလုပ်ခဲ့ရဲ့လားဆိုတာကို ကျမတို့စဉ်းစားရပါမယ်၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက မိမိတို့မှာရှိတဲ့ လုပ်ပိုင်ခွင့်များနဲ့ တည်ဆဲဥပဒေများအရ အခြေအနေတစ်ခုခုကို ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်ဖို့ အစွမ်းကုန်ကြိုးစားပြီး မဖြစ်မြောက်မှသာလျှင် အရေးပေါ်အခြေအနေဥပဒေကို စဉ်းစားရမှာဖြစ်ပါတယ်၊ ကျမတို့အခု ဒီလိုလုပ်ခဲ့ရဲ့လားဆိုတာကို စဉ်းစားဖို့လိုပါတယ်၊ ဒီမှာပွင့်လင်းမြင်သာမှု နည်းနေတာကြောင့်မို့လို့ ကျမတို့ဒီကိစ္စကို သုံးသပ်ဖို့ဟာခက်တယ်၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာဟာ တကယ်ပဲ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်နိုင်တဲ့ကိစ္စတွေကို အားလုံးလုပ်ခဲ့ရဲ့လားဆိုတာကို ကျမတို့မသုံးသပ်နိုင်တဲ့ အခြေအနေမှာရှိနေပါတယ်”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်၊ မလှိုင်မြို့နယ်တွေမှာ ပုဒ်မ (၁၄၄) ကို ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရက်ပေါင်း ၆၀ ပြည့်ပြီးသွားရင် ပြည်ထောင်စု လွှတ်တော်က ဒီအမိန့်ဆက်လက်ထားရှိသင့်၊ မသင့် ဆွေးနွေးရမှာဖြစ်တယ်လို့ ပြဌာန်းထားတာကြောင့် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ဆုံးဖြတ်ချက်ချခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်တွင်း ဆွေးနွေးချက်တွေကို RFA သတင်းထောက် မဇင်မာဝင်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။