မုံရွာကနေ ကြွလာကြတဲ့ သံဃာတွေ သပိတ်စခန်းမှာ မပူးပေါင်းခင် မနက်ပိုင်းက မုံရွာမြို့ထဲမှာ သံဃာတော်အပါး နှစ်ရာကျော်လောက် ဒီနေ့မနက်က စီတန်းလှည့်လည်ကြွချီ ဆန္ဒပြခဲ့ကြပါတယ်။ သံဃာတော်တွေဟာမနေ့က လက်ပန်းတောင်းတောင်သွားဖို့ စီစဉ်တာကို ကားရောမော်တော်တွေပါ အသုံးပြုလို့မရအောင် အာဏာပိုင်တွေကတားမြစ်ခဲ့ပါတယ်။
ဒီနေ့မနက် ဆန္ဒပြပွဲမှာ သံဃာတွေနဲ့အတူ ကျောင်းသူကျောင်းသားတွေ မြို့ခံပြည်သူတွေ ပူးပေါင်းပါဝင်ကြပြီး၊ နေ့လည်ပိုင်းမှာတော့ သံဃာတွေဟာ မုံရွာမြို့တဘက်ကမ်း လက်ပန်တောင်းတောင်ရှိရာကို ထွက်ခွါသွားနိုင်ခဲ့ကြတာပါ။
တစ်ချိန်တည်းမှာလည်း ရန်ကုန်မြို့မှာ လက်ပန်းတောင်းတောင်အရေးကို ဆန္ဒပြခဲ့ကြတဲ့ ဦးဆောင်သူ ကိုးဦးလောက်ကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဒီအရေးနဲ့ ပတ်သက်ပြီး ပဲခူးတိုင်း အနောက်ခြမ်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ လူငယ်တွေက ဒီကနေ့မှာ အချက်(၃)ချက်ပါ သဘောထားကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီကြေညာချက်ထဲမှာ လူထုဆန္ဒပြပွဲဟာ မိမိတို့ရဲ့ လုပ်ပိုင်ခွင့်ကို ဥပဒေနဲ့အညီ အခွင့်အရေး တောင်းဆိုတာဖြစ်တဲ့အတွက် လေးစားဖို့၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိစွာ ဖြေရှင်းပေးဖို့ စတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။
မုံရွာမြို့မှာ နိုဝင်ဘာလ ၂၇ ရက်နေ့ ဒီကနေ့ မနက်က ဆန္ဒပြပွဲအကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထက်မြန်မာပြည် ဒုဥက္ကဌ မုံရွာမြို့သား ကိုနွေဦးကို ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာနားဆင်ပါ။