မကွေးမြို့အခြေစိုက် MGY ဂျာနယ်မှာ ဖော်ပြနေကျဖြစ်တဲ့ ပြည်သူ့ဟစ်တိုင်ကဏ္ဍမှာ နိုင်ငံတော်သမ္မတထံ တိုင်ကြားစာဆိုပြီး ဖော်ပြခဲ့တာကြောင့် အယ်ဒီတာချုပ်နဲ့ အယ်ဒီတာ ၃ ဦး စုစုပေါင်း ၄ ဦးကို အသရေဖျက်မှု ပုဒ်မ ၅၀၀နဲ့ တိုင်ကြားစာမှာ ဖော်ပြခံရသူက လားရှိုးမြိုနယ်တရားရုံးမှာ တရားစွဲဆိုထားပါတယ်။
ပြည်သူအသံဟစ်တိုင်ကဏ္ဍမှာ ပေးပို့သူ အာဘော်အတိုင်း ပြင်ဆင်ခြင်းမရှိဘဲ ဖော်ပြခဲ့တာဖြစ်တယ်လို့ တရားစွဲခံရသူတွေထဲက တစ်ဦးဖြစ်တဲ့ MGY ဂျာနယ် အယ်ဒီတာချုပ် ဦးနေခြည် က ပြောပါတယ်။
"ဆင့်ခေါ်စာရောက်တယ်ဆိုတာကလွဲပြီး ကျနော်တို့ဘာမှကို လက်ရှိအခြေအနေကို မသိဘူး၊ ကျနော်တို့အနေနဲ့ ဒါကို ပုံမှန်ဂျာနယ်ကြီးတွေမှာဖော်ပြနေတဲ့ ပြည်သူအသံကဏ္ဍ ဟစ်တိုင်ကဏ္ဍမှာ သက်ဆိုင်ရာနစ်နာသူက တင်ပြတိုင်တန်းထားတဲ့စာကို ကျနော်တို့က မူရင်းအတိုင်းဖော်ပြပေးတာ အယ်ဒီတာအဖွဲ့က ပြင်ဆင်ခြင်းမရှိဘူး တည်းဖြတ်ခြင်းမရှိဘူး၊ ပေးပို့သူရဲ့အာဘော်အတိုင်း ဖော်ပြပေး တာ၊ အဲ့အပေါ်မှာသူတို့က ပုဒ်မ ၅၀၀ နဲ့ တရားစွဲတယ်လို့ပဲ သိရတယ်" လို့ ပြောပါတယ်။
MGY ဂျာနယ်ဟာ နှစ်ပတ်တစ်ကြိမ် ထုတ်ဝေတာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ရက်နေ့က ထုတ်ဝေခဲ့တဲ့ အတွဲ(၁) အမှတ်(၉)မှာ လားရှိုးမြို့မှာနေထိုင်သူ အငြိမ်းစားစစ်မှုထမ်းဟောင်းတစ်ဦးက ပေးပို့တဲ့ တိုင်ကြားစာ ကို ပြည်သူ့ဟစ်တိုင်ကဏ္ဍမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
"တပ်မတော်မိသားစု နေထိုင်ပိုင်ဆိုင်သည့်ခြံဝင်းအား တရုတ်လူမျိုးဧည့်နိုင်ငံသားက မတရားသိမ်းယူ ဖယ်ရှားခိုင်းခြင်းအား တိုင်တန်းခြင်း’’ ခေါင်းစဉ်နဲ့ သမ္မတထံ လိပ်မူတိုင်ကြားစာဖြစ်ပါတယ်။
အဲဒီလိုဖော်ပြခဲ့တာကြောင့် တိုင်တန်းခံရသူ ဦးညွန့်မောင်က MGY ဂျာနယ်အယ်ဒီတာအဖွဲ့က လေးဦးအပြင် တိုင်ကြားစာပေးပို့သူ နှစ်ဦးကိုပါ လာရှိုးမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
တရားစွဲဆိုခံရသူ ၆ဦးဟာ လားရှိုးမြို့နယ်တရားရုံးမှာ လာမယ့် နိုဝင်ဘာလ ၁၇ ရက်နေ့မှာ တရားရင်ဆိုင်ရ မှာဖြစ်ပါတယ်။
MGY ဂျာနယ်အဖဲ့ွ အယ်ဒီတာချုပ်နဲ့ အယ်ဒီတာ ၃ ဦးဟာ အဲဒီတရားစွဲဆိုခံရမှုကို ကူညီဖြေရှင်းပေးဖို့ သတင်း မီဒီယာကောင်စီ၊ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်းနဲ့ မြန်မာဂျာနယ်လစ်ကွန်ရက် တို့ကို စာပေးပို့ထားတယ်လို့ သိရပါတယ်။
