ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၂ Midus အထည်ချုပ်စက်ရုံရဲ့ မန်နေဂျာ ဒေါ်မြင့်မြင့်မော်ကို အလုပ်ထုတ်ပေးဖို့ ဆန္ဒပြနေတဲ့ အလုပ်သမားတွေက အလုပ်ရှင်နဲ့ ဒီနေ့ လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းတာ ပြေလည်မှုမရဘူးလို့ သိရပါတယ်။
အလုပ်ရှင်ဘက်က မန်နေဂျာ ဒေါ်မြင့်မြင့်မော်ကို မထုတ်ပေးနိုင်ကြောင်းနဲ့ အဲဒီ့ကိစ္စကို ခုံသမာဓိကောင်စီကို တင်ပြသွားမှာဖြစ်တယ်လို့ ပြောကြောင်း ညှိနှိုင်းရာမှာပါဝင်ခဲ့တဲ့ အလုပ်သမားကိုယ်စားလှယ် မဇင်မာဦး က ပြောပါတယ်။
"သူတို့ဘက်ကနေပြီးတော့ မမြင့်မြင့်မော်ကို မထုတ်နိုင်ဘူးတဲ့၊ တကယ်လို့ သူဆန္ဒရှိလို့ ထွက်သွားမယ်ဆိုရင် ကောင်းတာပေါ့တဲ့၊ အခုတော့ ဥပဒေအရ ခုံသမာဓိကို ဆက်တက်မယ်လို့ပြောတယ်"
ဒီနေ့ ညှိနှိုင်းပွဲကို အလုပ်သမားကိုယ်စားလှယ် ရှစ်ဦးနဲ့ အလုပ်ရှင် ကိုရီးယားလူမျိုးကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အလုပ်သမားတွေက မန်နေဂျာကို မထုတ်ပေးနိုင်ရင် အလုပ်သမား ၄၀၀ ကျော်ကို နစ်နာကြေးပေးပြီး အလုပ်ထုတ်ပေးဖို့ ညှိနှိုင်းပေမဲ့ အလုပ်ရှင်က မလိုက်လျောဘူးလို့ သိရပါတယ်။ Midus အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော်ရှိပြီး အဲဒီအထဲက ၄၀၀ ကျော်က အလုပ်မဆင်းပဲ မန်နေဂျာကို အလုပ်ထုတ်ပေးဖို့ ဆန္ဒပြနေတာ နှစ်ပတ်ကြာမြင့်ပြီဖြစ်ပါတယ်။
လက်ရှိမှာစက်ရုံကိုလည်း ပိတ်ထားတာ လေးရက်ရှိပြီဖြစ်ပါတယ်။ အလုပ်ထွက်ပေးဖို့ တောင်းဆိုခံထားရတဲ့ မန်နေဂျာက သူ့ဖက်က အခက်အခဲကို ပြောပြပါတယ်။
RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။
