မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမား ဦးရေ ၄၀၀၀ လောက်ရှိတဲ့ ဒီစက်ရုံမှာ တစ်နေ့လုပ်အားခ ၂၃၀ ဘတ်ပဲ ဆက်လက်ပေးနေတာကို ထိုင်းနိုင်ငံက ခရိုင်အလိုက် သတ်မှတ်ထားတဲ့ ၂၅၂ ဘတ်ရရှိဖို့ မြန်မာအလုပ်သမားတွေက ဆန္ဒပြ တောင်းဆိုကြတာပါလို့ အဆိုပါစက်ရုံက လေ့လာစောင့်ကြည့်သူ အလုပ်သမားတစ်ဦးက ပြောပါတယ်။
“မနက် ၆ နာရီလောက်ကစတယ်။ ပြီးသွားတဲ့အချိန်ကတော့ ၈ နာရီခွဲ ၉ နာရီခွဲ ပြီးသွားတယ်။ အတိအကျတော့ ပြောမရဘူးပေါ့။ လူဦးရေများတယ်။ အစိုးရ ရဲတပ်ဖွဲ့လာတာပေါ့။ သူတို့ဘာမှမရှုပ်ဘူး။ ကျွန်တော်တို့ ဒီလစာတိုးတဲ့အချိန်မှာလေ။ ဒီမှတ်ပုံတင်ရှိတဲ့သူတွေက အကုန်လုံး ၂၅၂ ဘတ် မဟုတ်လား။ သူတို့က အဲလိုသတ်မှတ်ထားပြီးတော့ ၂၃၀ ပဲပေးတော့ အဲလိုမျိုး ဖြစ်သွားတဲ့ကိစ္စပဲ။ ဘယ်သူကဦးဆောင် ဦးရွက်တယ် မရှိဘူးပေါ့။ အကုန်လုံး သဘောတူညီချက်အရ ကျွန်တော်တို့ ဖြစ်သွားတဲ့ကိစ္စ"
ဒီလိုတောင်းဆိုတဲ့အတွက် အလုပ်ရှင်က တရားဝင် အထောက်အထားရှိသူတွေကို သတ်မှတ်နှုန်းထား အတိုင်းပေးပြီး ကျန်သူတွေကိုတော့ ၂၃၀ ဘတ်ပဲပေးမယ်လို့ ပြောတယ်လို့ ဆိုပါတယ်။
အဲဒီ စက်ရုံမှာ အလုပ်သမားတွေကို လုပ်ငန်းရှင်သူဌေးက တိုက်ရိုက်ငှားတာတင်မကပဲ စက်ရုံမှ အလုပ်ကြပ်များကိုလည်း အလုပ်သမားရှာဖွေ ငှားရမ်းစေပြီး အဆိုပါ အလုပ်သမားတွေကို အလုပ်ကြပ်များက လခတိုးမပေးတဲ့အတွက် လုပ်ငန်းရှင်က တိုက်ရိုက်ငှားရမ်းတဲ့ အလုပ်သမားနဲ့ အလုပ်ကြပ်တွေက တစ်ဆင့်ခံငှားရမ်းတဲ့ အလုပ်သမားတွေကြား လုပ်အားခ ကွာဟရာက အခုလိုဆန္ဒပြမှု ဖြစ်ပွားခဲ့တာလို့ စက်ရုံက အလုပ်ကြီးကြပ်သူတွေနဲ့ နီးစပ်သူ ကိုကျော်က အခုလိုပြောပါတယ်။
“လစာတိုးဖို့အတွက်ကို အလုပ်သမားတွေက တောင်းတော့ အခုဟာက သူဌေးနဲ့ မဆိုင်ဘူး။ သူဌေးဆီက တစ်ဆင့်ခံ ပြန်ယူတဲ့ ရှမ်းဝဏ္ဍပေါ့နော်။ အလုပ်ကို ပုတ်ပြတ်ယူတဲ့ ရှမ်းတွေကနေပြီးတော့ အဲဒီအလုပ်သမား ပြန်ငှားတာကို အဲဒီ အလုပ်သမားကြေးကို အဲဒီသူဌေးတွေက တိုးမပေးတာ”
Vita food နာနတ်သီးစက်ရုံကို ၁၉၈၉ ခုနှစ်ကတည်း စတင်လည်ပတ်ခဲ့ပြီး နှစ်စဉ် သစ်သီးဗူး ၆ သန်းခန့် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
