မလေးရှားပွဲစားက ရိုက်နှက်လို့ မြန်မာအမျိုးသမီး ၄ ဦး ထွက်ပြေးနေရ

မလေးရှားနိုင်ငံ မလက္ကာမြို့က TJR လေအေးစက် အပိုပစ္စည်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၂ ဦးဟာ အလုပ်ပွဲစားက မတရား ပြင်းပြင်းထန်ထန် ရိုက်နှက်တဲ့အတွက် နောက်ထပ် နှိပ်စက်မှုကနေ လွတ်မြောက်အောင် ထွက်ပြေး ပုန်းရှောင်နေကြရတယ်လို့ သိရပါတယ်။

0:00 / 0:00

လောလောဆယ် ဒီအမျိုးသမီး ၂ ဦးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ အခြေစိုက် လူ့အခွင့်အရေး ရှေ့နေတွေက ကာကွယ်စောင့်ရှောက်ထား ပြီး အဲဒီ ရှေ့နေတွေကပဲ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ အကူအညီ ပေးနေသူ မြန်မာနိုင်ငံသား တဦးက ပြောပါတယ်။

ဒီ မြန်မာအမျိုးသမီး ၂ ဦးဟာ မလေးရှားနိုင်ငံမှာ တရားဝင် နိုင်ငံကူး လက်မှတ်နဲ့ အဲဒီစက်ရုံမှာ အလုပ်လုပ်နေတာ ၂ နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က သူတို့ရဲ့ အလုပ်ပွဲစား တရုတ်လူမျိုး Mr. Yeo ဆိုသူက အလုပ်ပြောင်းခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ပြောင်းခိုင်းတဲ့အလုပ်ဟာ သူတို့ မလုပ်နိုင်တဲ့ အလုပ်မျိုး ဖြစ်တဲ့အတွက် မလုပ်လိုကြောင်း ငြင်းဆန်ရာမှာ ပွဲစားက တပည့်တွေ ခေါ်လာပြီး အမျိုးသမီး ၂ ဦးစလုံးကို ပြင်းပြင်းထန်ထန် ရိုက်နှက်တဲ့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

အတူနေထိုင်သူ နောက်ထပ်အမျိုးသမီး ၂ ဦးကိုလည်း ခြိမ်းခြောက်ထား တဲ့အတွက် ၄ ဦးစလုံး ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

အဲဒီ မြန်မာ အမျိုးသမီး အလုပ်သမားတွေအကြောင်း အာအက်ဖ်အေ အဖွဲ့သား ကိုဝင်းနိုင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

အသံဖိုင်ယူရန်။