စက်ရုံပိတ်လိုက်တဲ့အတွက် အခုလအတွက် လုပ်အားခ အပါအဝင် နစ်နာကြေး၊ ကုမ္မဏီက သိမ်းထားတဲ့ အလုပ်သမား လက်မှတ်နဲ့ ပတ်စပို့ စတာတွေအပြင် လုပ်ငန်းရှင် လွှဲပြောင်းစာ၊ အလုပ်သမားတွေရဲ့ လုပ်အားခထဲက ဘတ်ငွေ တစ်ရာကို (၇) ဘတ်နှုန်း ကုမ္ပဏီဘက်က ကောက်ခံထားတဲ့ ငွေတွေကို ပြန်ပေးဖို့ အလုပ်သမားတွေဘက်က တောင်းဆိုခဲ့တာကို စပ်ဝါတီကန်လို့ခေါ်တဲ့ ထိုင်းအလုပ်သမား ကာကွယ်ရေးရုံး တာဝန်ရှိသူတွေက လုပ်ငန်းရှင်ဘက်က ကိုယ်စားလှယ်နဲ့ အလုပ်သမားတွေကြား ညှိနှိုင်းပေးခဲ့တာ ဖြစ်ပါတယ်။
လုပ်ငန်းရှင်ဘက်က ကိုယ်စားလှယ်နဲ့ အလုပ်သမားအကြား သဘောတူညီမှုရရှိခဲ့တာနဲ့ ပတ်သက်လို့ အလုပ်သမားတစ်ဦးက အခုလိုပြောပါတယ်။
"တစ်လခ နစ်နာကြေးရယ်၊ နောက်တော့ ကျွန်တော်တို့ လုပ်အားခ (၁၅) ရက်စာရယ် ပေးရတယ်။ လက်မှတ်တွေက အခုပြန်ပေးတယ်။ အဲဒါ မနက်ဖြန်ကြရင် အလုပ်ထွက်စာရွက် သွားပြန်ယူရမယ်။ ဒါတွေ တောင်းဆိုတာ ကျေနပ်ပြီလားပေါ့၊ တော်လောက်ပြီလားပေါ့ အဲလိုပေါ့"
အလုပ်သမားတွေရဲ့ လုပ်အားခနဲ့ နစ်နာကြေးကို လုပ်ငန်းရှင်ဘက်က သုံးကြိမ်ခွဲပေးမယ်လို့ ပြောဆိုတာကိုတော့ သဘောတူလိုက်ရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က အခုလို ပြောပါတယ်။
"အလုပ်သမားတွေ အခုအလုပ်ဆင်းထားတဲ့ လုပ်အားခကို ချက်ချင်းထုတ်ပေးဖို့ရယ်၊ တစ်လစာ နစ်နာကြေး အဲဒါသူပေးတယ်။ ဒါပေမယ့် (၃) ကြိမ် ခွဲပေးမယ်ပေါ့နော်။ ရှေ့လ (၇) ရက်နေ့ တစ်ကြိမ်ရယ်၊ (၁၅) ရက်နေ့ တစ်ကြိမ်ရယ်၊ (၂၂) ရက်နေ့ တစ်ကြိမ်၊ သုံးကြိမ်ခွဲခွဲပေးမှာ။ အလုပ်သမားတွေက အဲဒါကို ပထမကတည်းက မလိုချင်တာ နောက်ပိုင်းမှ စပ်ဝါတီကန်ရုံးက ဝင်ရောက် ညှိနှိုင်းပေးလိုက်တော့မှ အလုပ်သမားတွေက လက်ခံလိုက်တာပေါ့နော်"
လိဖောမ် အတွင်းခံ အဝတ်အထည်ချုပ် စက်ရုံက မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေဟာ မဲဆောက်ဒေသတွင်း ထိုင်းဥပဒေက သတ်မှတ်ထားတဲ့ တစ်နေ့ လုပ်အားခ (၂၂၆) ဘတ်နှုန်း ရရှိနေတာ ဖြစ်ပေမယ့် ကြိုတင်အကြောင်းမကြားဘဲ အလုပ်ပိတ်လိုက်တဲ့အတွက် တစ်လစာ နစ်နာကြေးကို ထိုင်းဥပဒေအတိုင်း တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အလုပ်သမားတစ်ဦးကို အနည်းဆုံး တစ်လစာ နစ်နာကြေး ထိုင်းဘတ်ငွေ (၆၇၈၀) ရရှိမှာဖြစ်ပါတယ်။