နှစ်နိုင်ငံ သဘောတူညီမှု စာချွန်လွှာ (MOU) နဲ့ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ကန့်သတ်ထားပြီး သူတို့ပိုင်ဆိုင်တဲ့ ယာယီ ပတ်စပို့စ်တွေကိုလည်း သိမ်းဆည်းထားခဲ့တဲ့အတွက် ဒီလ (၈) ရက်နေ့က စက်ရုံမှာ အတူလုပ်ကိုင်နေတဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေနဲ့အတူ မြန်မာ အလုပ်သမားတွေက စုပေါင်းပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကြောင့် ညှိနှိုင်းမှုတွေ အဆင့်ဆင့် ပြုလုပ်ခဲ့ရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ သိမ်းဆည်းထားတဲ့ ယာယီ ပတ်စပို့တွေက စက်ရုံက ပြန်လည်ပေးအပ်ခဲ့ပါတယ်။
မနေ့ကစပြီး မြန်မာသံမှူးကြီး ဦးဆောင်ပြီး ကိုယ်စားလှယ်အဖွဲ့က အသေးစိတ် သွားရောက် ညှိနှိုင်းပေးရာကနေ အခုလို အားလုံး ပြေလည်မှု ရတာပါလို့ မြန်မာအစိုးရ အလုပ်သမားရေး တာဝန်ခံ ဦးကျော်ကျော်လွင်က RFA ကို အခုလိုပြောပါတယ်။
“အဲဒါ ပြေလည်သွားပြီဗျ။ ပြေလည်သွားတော့ အလုပ်သမားတွေနဲ့ အလုပ်ရှင်နဲ့ ကျွန်တော်တို့ မနေ့က သဘောတူစာချုပ် ချုပ်ပေးခဲ့တယ်။ ချုပ်ပြီးတော့ အလုပ်သမားတွေလည်း ဆက်ပြီးတော့ အလုပ်ဝင်နေတာပေါ့နော်။ ပြန်ပြီးတော့ ပျော်ပျော်ပါးပါးပဲ အလုပ်ဝင်သွားပြီ။ မနက်ကတောင် ကျွန်တော်တို့ အဲဒီအလုပ်သမား တန်းလျားကို သွားကြည့်ခဲ့သေးတယ်။ ကျန်းမာရေးအတွက် လိုအပ်ချက်တွေ သွားတွေ့လို့ ကုမ္ပဏီကို ဒါလေးတွေ ထပ်လုပ်ပေးပါဦးလို့ ကျွန်တော် မေတ္တာရပ်ခံခဲ့သေးတယ်။”
အရင်က အလုပ်သမားတွေက တနေ့လုပ်ခ (၁၇၇) ဘတ်ရရှိခဲ့သလို အချိန်ပိုကြေး ၃၃ ဘတ်ပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုညှိနှိုင်းမှု အပြီးမှာ ယခင်ကာလ နစ်နာခဲ့မှုတွေအတွက် စာချုပ်ပါ အတိုင်း (၂၀၅) ဘတ်နဲ့ နေ့တွက်ခကို ပြန်လည် တွက်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့ ညှိနှိုင်းပေးခဲ့မှုတွေကိုတော့ သူက အခုလို ဆက်ပြောပါတယ်။
“အဓိက ကတော့သူတို့ ၂၀၅ ဘတ် မပြည့်တဲ့ ကိစ္စလေးကို ပြန်ပြီးတော့ ဖြည့်ပေးပါ တောင်းတယ်။ အဲဒါလေး ဖြည့်ပေးလိုက်တယ်။ နောက်တခါကြတော့ နေအိမ်ကို အခမဲ့ပေးပြီးတော့ ရေဖိုးနဲ့ မီးဖိုး ညှိယူကြတာပေါ့။ အဲဒါမျိုး လုပ်လိုက်တယ်။ သူတို့ ပြောတာလေးတွေက အလုပ်သမားရေးရာလေးတွေ၊ အဲဒါလေးတွေ ကျနော်တို့ အသေးစိတ် အကုန်လိုက်ညှိပေးလိုက်တယ်။ သူတို့ကျန်းမာရေးနဲ့ ပတ်သက်လို့ သောက်ရေကိုလည်း လုံလောက်စွာ ထားပေးဖို့တို့၊ အိမ်သာကိုလည်း လုံလောက်စွာထားပေးဖို့တို့။”
ဒီလို ညှိနှိုင်းမှုတွေကြောင့် အလုပ်သမားတွေဟာ အခုဆိုရင် တစ်ရက်ကို နေ့တွက်ခ (၂၆၆) ဘတ်အထိ ရရှိမှာဖြစ်ပြီး အချိန်ပိုလုပ်ခ အနေနဲ့ ယခင် (၃၃) ဘတ်ကနေ အခုတစ်နာရီကို ဘတ် (၅၀) ခန့် ရရှိမှာ ဖြစ်ပါတယ်။
ဒီအလုပ်သမားတွေဟာ MOU နဲ့တရားဝင် စာချုပ်ချုပ်ပြီးလာတာ ဖြစ်တဲ့အတွက် လိုအပ်လာရင် မြန်မာအစိုးရ အနေနဲ့ အခွင့်အရေး အပြည့်အဝ ရအောင် ကူညီနိုင်တာဖြစ်လို့ တရားဝင်ဖို့ လိုကြောင်းလည်း ဦးကျော်ကျော်လွင်က ပြောပါတယ်။