ကိုယ်ဝန်ဆောင်အမျိုးသမီး ရွှေ့ပြောင်းအလုပ်သမား ကိစ္စ ပြန်လည်သုံးသပ်ဖို့ HRW တိုက်တွန်း

ထိုင်းနိုင်ငံမှာ သွားရောက် အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာအပါအဝင် ကိုယ်ဝန်ဆောင် အမျိုးသမီး ရွှေ့ပြောင်း အလုပ်သမားတွေကို မူရင်းနိုင်ငံမှာ ကလေး မွေးဖွားဖို့ ပြန်ပို့မယ်ဆိုတဲ့ ထိုင်း အလုပ်သမား ဝန်ကြီးရဲ့ ကြေညာချက်အပေါ် ပြန်လည် သုံးသပ်ဖို့ ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဆီကို အမေရိကန် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က စာရေးသား တိုက်တွန်း လိုက်ပါတယ်။

2012.07.18

ပြီးခဲ့တဲ့ ဇွန်လ (၂၆) ရက်နေ့က ထိုင်းအလုပ်သမား ဝန်ကြီး ပဒန်ချိုင်းက ကိုယ်ဝန် သုံး၊ လေးလရှိတဲ့ အမျိုးသမီး ရွှေ့ပြောင်း အလုပ်သမားတွေကို မူရင်းနိုင်ငံ ပြန်ပို့ဖို့ စီစဉ်မယ်လို့ ကြေညာခဲ့ပါတယ်။

ဒါဟာ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း ကလေးအလုပ်သမား ဦးရေ လျော့နည်းသွားစေဖို့အတွက် စီစဉ်တာ ဖြစ်ကြောင်း၊ ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေးဌာနက ထိုင်းနိုင်ငံကို လူကုန်ကူးမှု တိုက်ဖျက်ရေး အားနည်းနေတဲ့အတွက် အဆင့် (၂) စောင့်ကြည့်အဆင့် သတ်မှတ်လိုက်တဲ့အပေါ် တုံ့ပြန်တာလည်း ဖြစ်ကြောင်း သတင်း မီဒီယာတွေကို ပြောခဲ့ပါတယ်။

ဒီအစီအစဉ်ကို အကောင်အထည် ဖော်ရေးအတွက် နှစ်လအတွင်း ဥပဒေမူကြမ်းရေးဆွဲဖို့ အလုပ်သမား ကာကွယ်ရေးနဲ့ ဖူလုံရေး ဌာနအောက်မှာ အလုပ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

ထိုင်းအလုပ်သမား ဝန်ကြီးရဲ့ အစီအစဉ်ဟာ လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့အပြင် အမျိုးသမီး အလုပ်သမားတွေကို ခွဲခြား ဆက်ဆံရာရောက်ပြီး ထိုင်းအစိုးရက ကတိပြုထားတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ရည်မှန်းချက်တွေဆီ ရောက်ရှိဖို့လည်း ခက်ခဲပါလိမ့်မယ်လို့ HRW ရဲ့ ပေးစာမှာ ဖော်ပြထားပါတယ်။

ဒီ အစီအစဉ်ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ရွှေ့ပြောင်း အလုပ်သမားတွေ လက်ရှိအလုပ်ကနေ လအတော်ကြာ အဓမ္မ ရပ်နားခံရမှာဖြစ်ပြီး၊ တူညီတဲ့ လုပ်ငန်းခွင် အခွင့်အရေး မရဘဲ ဝင်ငွေအရလည်း နစ်နာမှာ ဖြစ်ပါတယ်။ ပြီးတော့ ပြန်လာတဲ့ အခါမှာလည်း မူလအလုပ် ပြန်ရဖို့ မသေချာတဲ့အပြင် စရိတ်စကတွေလည်း ကုန်ကျခံရမှာ ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေကြောင့် အမျိုးသမီး ရွှေ့ပြောင်း အလုပ်သမားတွေကြားမှာ အန္တရာယ် မကင်းတဲ့ ကိုယ်ဝန်ဖျက်ချမှုတွေ ပေါ်ပေါက်လာမှာကို ထိုင်းလူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်နေကြောင်း HRW က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။