ထိုင်းရောက် မြန်မာလုပ်သားများ ကို ပုံမှန်နိုင်ငံကူးလက်မှတ် ထုတ်ပေးမည်

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ယာယီနိုင်ငံကူးလက်မှတ်အစား နိုင်ငံသားတိုင်းကိုထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ်ကို လာမယ့်အောက်တိုဘာလ ၂၁ ရက်နေ့ကနေစပြီး အစားထိုးထုတ်ပေးတော့မယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ထိုင်းမြန်မာအလုပ်သမားအရေး အစည်းအဝေးကနေ အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားအရေး သံအရာရှိ ဦးကျော်ကျော်လွင်က အခုလိုပြောပါတယ်။

“ကျနော်တို့ နိုင်ငံကူးလက်မှတ် အနီရောင်တွေနဲ့ပဲ ထုတ်တော့မယ်၊ ၁၁ ရက်နေ့နောက်ပိုင်းဆိုရင် အဲဒါနဲ့ထုတ်တော့မယ်၊ အနီကတော့ နိုင်ငံတကာသွားလို့ရတဲ့ ပတ်စ်ပို့ဖြစ်သွားပြီ၊ အဲဒါကတော့ လူကြီးတွေရဲ့ ပေါ်လစီပဲလေ၊ ခိုင်ခိုင်မာမာနဲ့ သွားလို့ရအောင် လုပ်ပေးတာဖြစ်မှာပေါ့”

ဒါကြောင့် မြန်မာအလုပ်သမားတွေဟာ နိုင်ငံကူးလက်မှတ်ရဖို့ ကိုယ့်အလုပ်ရှင်ကတဆင့် အလုပ်သမားရုံးတွေကိုသွားပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေ တင်သွင်းရမှာဖြစ်ကြောင်း၊ မြန်မာသံရုံးက အဲဒီအချက်အလက်တွေကို မြန်မာနိုင်ငံက သက်ဆိုင်ရာဌာနကိုပို့ပြီး အတည်ပြုထုတ်ပေးရမှာဖြစ်တဲ့အတွက် စာရင်းသွင်းတဲ့ကိစ္စကို အလုပ်သမားတွေဘက်က အမြန်ဆုံးဆောင်ရွက်သင့်တယ်လို့ ဦးကျော်ကျော်လွင်က ပြောပါတယ်။

ဒီအစီအစဉ်အရ ထိုင်းပင်လယ်ကမ်းခြေ ၂၂ မြို့က မြန်မာရေလုပ်သားတွေအတွက်လည်း လှည့်လည်ဆောင်ရွက်ပေးနိုင်တဲ့ mobile team တွေ ဖွဲ့စည်းပြီး ပတ်စပို့စ်သွားရောက်ထုတ်ပေးဖို့ ညှိနှိုင်းထားတယ်လို့လည်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ ယာယီပတ်စပို့်စ်နဲ့အလုပ်လုပ်ကိုင်နေသူ မြန်မာအလုပ်သမားဦးရေ ၁၇ သိန်း လောက်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ ၄ နှစ်ဗီဇာသက်တမ်း ကျော်လွန်နေသူတွေအတွက် ဗီဇာသက်တမ်းနဲ့ တရားဝင်အလုပ်လုပ်ခွင့် work permit သက်တမ်းတိုးပေးဖို့ နယ်စပ်စခန်း ၅ ခုဖြစ်တဲ့ တာချီလိတ်၊ မြဝတီ၊ ထီးခီး၊ မောတောင်နဲ့ ကော့သောင်းမြို့တွေမှာ နိုဝင်ဘာလဆန်းကနေ စပြီးဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။