ထိုင်းစက်ရုံမှ မြန်မာအလုပ်သမားများ ၇ ရက်မြောက် ဆက်လက်ဆန္ဒပြ

ထိုင်းနဲ့ လာအိုနိုင်ငံ နယ်စပ်နားက ခေါန်ကန်မြို့ ထိုင်းငါးဖမ်းပိုက်စက်ရုံက မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ ၇ ရက်ဆက်တိုက် ဆန္ဒပြနေရာမှာ စက်တင်ဘာ ၁၄ ရက် ဒီကနေ့ဆိုရင် လူတထောင်နီးပါး ရှိနေပြီး သူတို့တောင်းထားတဲ့ အချက် ၄ ချက် မရမချင်း ဆက်လက် ဆန္ဒပြသွားမယ်လို့ သိရပါတယ်။

2010.09.14
passport_thai_visa_305_z မြန်မာစစ်အစိုးရက ရွှေ့ပြောင်း အလုပ်သမားများအား တရားဝင် ထုတ်ပေးထားသော ယာယီ နိုင်ငံကူးလက်မှတ်ပေါ်မှ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ဗီဇာသက်တမ်းကို အလုပ်ရှင်က ဤကဲ့သို့ မင်ဖြင့် ခြစ်၍ ဖျက်ထားသဖြင့် စက်ရုံအလုပ်သမားများက စက်တင်ဘာ ၈ ရက်နေ့မှ စတင်ကာ ရက်ဆက် ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: Map Foundation based in Thai)
(Photo: Map Foundation based in Thai)

ဆန္ဒပြရာမှာ ကိုယ်တိုင်ပါဝင်တဲ့ စောကပေါ်ဆေးက နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး RFA ကို ပြောပြပါတယ်။

“ဒီနေ့ အခုထက်ထိလည်း ၉၀၀ ကျော်အတိုင်း ရှိနေပါတယ်။ အခု စက်ရုံထဲကို ဝင်ပြီးတော့ လာတဲ့ အဖွဲ့စုံတွေရယ်၊ ဒီ ထိုင်းနိုင်ငံဖက်က ခေါန်ကန်တို့ဖက်က ရှေ့နေတွေရယ်၊ ဒီ ရှေ့နေတွေနဲ့ သွားရောက် တွေ့ဆုံနေပါတယ်။ သူတို့ဖက်က လုပ်မပေးနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ တောင်းဆိုထားတဲ့ ၄ ချက်ကို ၃ ချက်ကို ခွင့်ပေးမယ်၊ တခုကို ခွင့်မပေးဘူးဆိုရင် လုံးဝ နောက်မဆုတ်ပါဘူး။ ဒီအတိုင်းပဲ ဆက်ပြီး ဆန္ဒပြသွားပါမယ်။”

အဲဒီ မြန်မာအလုပ်သမား တထောင်နီးပါးက သူတို့ရဲ့ ယာယီ နိုင်ငံကူးလက်မှတ်တွေကို ပြင်တာ ဖျက်ထားတာ မရှိပဲ အကောင်းပကတိ ပြန်ရရေးအတွက် ဆန္ဒပြနေကြတာပါ။

ဆန္ဒပြ အလုပ်သမားတွေက ထိုင်းနိုင်ငံ ဗန်ကောက်မြို့ မြန်မာသံရုံးကို သူတို့ပြဿနာ ဝင်ရောက် ဖြေရှင်းပေးဖို့ အကူအညီ တောင်းခံခဲ့ပေမဲ့ သံမှူး ဦးဝင်းဇေယျထွန်းနဲ့ အဖွဲ့ကို စေလွှတ်မယ်လို့သာ အကြောင်းပြန်ခဲ့ပြီး အခုအချိန်ထိ အခင်းဖြစ်ပွားရာကို ရောက်မလာသေးဘူးလို့ သိရပါတယ် ။

ထိုင်းအခြေစိုက် အလုပ်သမား ကာကွယ် စောင့်ရှောက်ရေးအဖွဲ့တွေက ဝင်ရောက် ကူညီနေပေမဲ့ အခြေအနေတွေ မထူးသေးကြောင်း သိရပါတယ်။

RFA မှ ဦးဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ် ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။