ထိုင်းစက်ရုံမှ မြန်မာ အလုပ်သမားများ ပတ်စပို့ကိစ္စဆန္ဒပြနေ

လောနိုင်ငံနယ်စပ် ထိုင်းဖက်ခြမ်းမှာ ရှိတဲ့ စက်ရုံတခုမှာ အလုပ် လုပ်ကိုင်နေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၃၀ဝ ကျော်ဟာ သူတို့ရဲ့ ယာယီ နိုင်ငံကူးလက်မှတ် ပတ်စပို့တွေ ပြန်ရရှိရေးအတွက် ဒီကနေ့ မနက်ပိုင်းကစပြီး အလုပ်မဆင်းပဲ ဆန္ဒပြနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

အခု ဆန္ဒပြနေတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေဟာ မဲဆောက်မြို့ကတဆင့် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံဖက်ကို ပြန်ပြီး ယာယီနိုင်ငံကူးလက်မှတ် ပတ်စပို့ပြုလုပ်ကာ ထိုင်းနိုင်ငံအရှေ့ပိုင်း ခွန်းကန်ခရိုင်အတွင်းက ဒစ်ချာပဲန်နစ် (Dechapanic) အမည်ရှိတဲ့ ငါးဖမ်းပိုက်စက်ရုံမှာ အလုပ် လုပ်ကိုင်နေတဲ့သူတွေ ဖြစ်ပါတယ်။

သူတို့အထဲက အလုပ်သမား ၆ ယောက်ကို စက်တင်ဘာလ ၇ ရက်နေ့ မနေ့က အလုပ်ထုတ်လိုက်ပြီး စက်ရုံက သိမ်းထားတဲ့ ပတ်စပို့ ပြန်ထုတ်ပေးချိန်မှာ မူလ ပတ်စပို့ မဟုတ်တော့ပဲ ဓာတ်ပုံတွေ ခွာပြီး ပြန်ကပ်ထားတာကို သိသွား ပြီးတဲ့နောက် မကျေမနပ်ဖြစ်ပြီး မြန်မာအလုပ်သမားတွေဟာ စက်ရုံရှေ့မှာ အလုပ်မဆင်းပဲ ဆန္ဒပြနေကြတာလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ အလုပ်သမားတဦးက အခုလိုပြောပြပါတယ်။

“မနေ့က မောင်းထုတ်မဲ့သူက လေးငါးခြောက်ယောက်ကို ပတ်စပို့ပေးမယ်ဆိုပြီး ဒီမနက်ပေးတဲ့အချိန်မှာ ကျနော်တို့ ဒီပတ်စပို့နဲ့က တခြားစီဖြစ်နေတယ်၊ အခုဟာက ဖြစ်တဲ့ပုံက မိန်းခလေးပတ်စပို့ကို ယောကျာ်းလေးပုံနဲ့ ကပ်ထား တယ်၊ ယောင်္ကျားလေးပတ်စပို့ကို မိန်းခလေးပုံနဲ့ ကပ်ထား တယ်၊ ကျနော်တို့ မြန်မာပြည်သားက ဒီလိုလုပ်ရပါ့ မလားလို့ ကျနော်တို့ ပတ်စပို့သမားတွေက အကုန်လုံး ဆန္ဒပြကြတာပေါ့ အေးအေးဆေးဆေးနဲ့ စက်ရုံရဲ့အပြင်မှာ အလုပ်မဆင်းပဲ ပြပါတယ်။ စုစုပေါင်းဆို သုံးလေးရာလောက် ရှိပါတယ်ခင်ဗျ။”

မွန်းလွဲ ၂နာရီ ကျော်လောက်မှာတော့ စက်ရုံတာဝန်ရှိသူတဦးက ဆန္ဒပြအလုပ်သမားတွေကို အလုပ်ဆင်းမယ် ဆိုရင် စက်ရုံက ထုတ်ပေးထားတဲ့ အလုပ်သမားကဒ်ပြားတွေ ယူပြီး အလုပ်ပြန်ဆင်းနိုင်ကြောင်းနဲ့ အလုပ်မဆင်းဘူး ဆိုရင် အလုပ်သမားကဒ်ပြားတွေ လာအပ် ပတ်စပို့ ပြန်ထုတ်ပေးမယ် ပြီးရင် ဒီကနေ့ ပြန်ပို့ပေးမယ်လို့ ပြောကြောင်း သိရပါတယ်။ အလုပ်သမားတွေဖက်ကတော့ အလုပ်ပြန်မဆင်းပဲနေပြီး သူတို့ရဲ့ ပတ်စပို့အစစ်ပေးမှသာ အလုပ်ဆင်းကဒ်ကို အပ်နိုင်မယ်လို့ ပြန်ပြောတယ်လို့ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ မိမိပိုင် ပတ်စပို့ကို တောင်းဆိုပိုင်ခွင့် ရှိကြောင်းနဲ့ မြန်မာပတ်စပို့ ဖြစ်တာကြောင့် သက်ဆိုင်တဲ့ မြန်မာသံရုံးအနေနဲ့ တာဝန်ရှိကြောင်း ရောင်ခြည်ဦးအလုပ်သမား စောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ဦးမိုးဆွေက အခုလို ပြောပါတယ်။

“အလုပ်သမားတွေအနေနဲ့ မိမိရဲ့ပိုင်ဆိုင်မှု မိမိရဲ့ အိုင်ဒီကို ပြန်တောင်းပိုင်ခွင့် ရှိတယ်၊ ပိုင်ရှင်တွေက အလုပ်သမားတွေကို မပေးပဲနဲ့ သိမ်းထားတယ် ဒါက မြန်မာပတ်စပို့တွေ ဖြစ်တယ် အဲဒီတော့ မြန်မာ သံရုံးအနေနဲ့ အထူးတာဝန်ရှိတယ်လို့ ကျနော်တို့တော့ မြင်တယ်။ ”

ညနေ ငါးနာရီထိုးတဲ့ အချိန်ထိတော့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေဟာ အေးအေးဆေးဆေး ဆက်ပြီး ဆန္ဒပြနေတုန်းပဲလို့ သိရပါတယ်။ အဲဒီစက်ရုံမှာ မြန်မာအလုပ်သမား စုစုပေါင်း ၂၆၀ဝ ကျော် အလုပ်လုပ်ကိုင်လျက် ရှိကြောင်း သိရပါတယ်။