ထိုင်းငါးဖမ်းပိုက်စက်ရုံမှာ မြန်မာအလုပ်သမားများ ထပ်မံဆန္ဒပြ

2010-10-07

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းတုံးက ယာယီ နိုင်ငံကူးလက်မှတ်ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ အလုပ်သမားကိုးရာကျော် တပတ်ကျော် ကြာအောင် ဆန္ဒပြခဲ့ဖူးတဲ့ ထိုင်း လာအိုနယ်စပ်က ငါးဖမ်းပိုက်စက်ရုံမှာ အောက်တိုဘာ ၇ ရက် ဒီနေ့မနက်မှာ ထပ်မံဆန္ဒပြမှု ဖြစ်ပွား နေတယ်လို့ သိရပါတယ်။

(Photo: Map Foundation based in Thailand)

ထိုင်းနိုင်ငံ ခေါန်ကန်မြို့ ထိုင်းငါးဖမ်းပိုက် စက်ရုံမှာ စက်တင်ဘာ ၈ ရက်မှ ၁၄ ရက်ထိ ဆန္ဒပြနေကြသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ပါသည်။ (Photo: Map Foundation based in Thailand)

ဒီနေ့ မနက် ၃နာရီ ၁၅မိနစ်မှာ ထိုင်းအလုပ်ရှင်ရဲ့ လုံခြုံရေးတွေက မြန်မာအလုပ်သမားတွေကို သေနတ်နဲ့ ပစ်မဲ့ဟန် ချိန်ရွယ်ပြီး မိုးပေါ်ထောင် ခြိမ်းခြောက် ပစ်ခတ်ခဲ့တဲ့အတွက် အလုပ်သမားခေါင်းဆောင် ငါးယောက် အလုပ်သမားရုံးကို သွားရောက် တိုင်ကြားနေသလို မကျေနပ်တဲ့ အလုပ်သမားတွေက အလုပ်မဆင်းတော့ပဲ ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

ပြဿနာအစကတော့ ခေါင်ကမ့်စက်ရုံက မြန်မာအလုပ်သမား ငါးရာကျော်ဟာ အခုပြီးခဲ့တဲ့ အောက်တိုဘာလဆန်းမှာ အလုပ်ထွက်စာ တင်တဲ့အတွက် ဖြစ်ပါတယ်။

အလုပ်ထွက်ဖို့အတွက် စာတင်ထားတဲ့ အလုပ်သမား ၅၆၉ ယောက်အတွက် လစာငွေကို တောမောရုံးလို့ ခေါ်တဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးကို သွားထုတ်ရမယ်ဆိုပြီး စာကပ်ထားရာမှာ အလုပ်သမားတွေက မသွားပဲ စက်ရုံထဲမှာပဲ လုပ်အားခရှင်းပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ အလုပ်ထွက်စာ တင်ထားတဲ့ အလုပ်သမား ကိုဇော်ဇော်က ပြောပါတယ်။

“လက်ရှိ စက်ရုံအခြေအနေက အခု ကျွန်တော်တို့ ဒီလစာထုတ်ရမှာကိစ္စက စက်ရုံမှာ ထုတ်မပေးပဲ ကျွန်တော်တို့ကို တောမောရုံးမှာ ထုတ်ပေးမယ်ဆိုပြီး တရားဝင် စာကပ်ထားတယ် ခင်ဗျ။ အဲဒါကြောင့် ကျွန်တော်တို့ အလုပ်သမားတွေကလည်း ဒီစက်ရုံမှာပဲ အလုပ်လုပ်နေတဲ့အတွက်ကြောင့် ဒီစက်ရုံမှာပဲ လစာကို ထုတ်ပေးစေချင်တယ် ဆိုပြီး တောမောရုံးကို ကျွန်တော်တို့ လိုက်မသွားပဲ အခုလက်ရှိ ဒီအတိုင်း နေနေပါတယ်ခင်ဗျ။”

အလုပ်သမားတွေအတွက် အလုပ်ရှင်က စိုက်ထုတ်ပေးထားတဲ့ ယာယီပတ်စပို့ကြေး အကြွေးကျေလို့ အလုပ်ထွက်မဲ့ အလုပ်သမားတွေကို သက်ဆိုင်ရာ နယ်မြေဒေသရဲ့ သတ်မှတ်ဈေးနှုန်းအတိုင်း လုပ်အားခရှင်းပေးဖို့ အလုပ်သမားတွေက တောင်းဆိုတဲ့အခါ ထိုင်းအလုပ်ရှင်ဘက်က ကတိပေးခဲ့ပေမဲ့ အလုပ်ရှင်ဖက်က လက်နတ်ကိုင်ထားတဲ့ လုံခြုံရေးတွေက ပစ်မယ်ခတ်မယ်ဆိုပြီး ခြိမ်းခြောက်တာကို ခံခဲ့ရတဲ့အကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကိုနေလင်းအောင်က ပြောပြပါတယ်။

“ဖြစ်တာတော့ မနေ့ညနေကပါ ခင်ဗျ။ သူတို့တွေက ကျွန်တော်တို့ကို တာမောရုံးကို ပြန်ပို့မယ် မနက်ဖန် ကိုးနာရီထိုးဆိုတော့ ကျွန်တော်တို့ ဒီမှာ စုပြီး လာစောင့်နေကြတယ်ခင်ဗျ၊ ကျွန်တော်တို့ ဒီမှာ လာအိပ်ကြတယ်။ ယောက်ျားလေး တော်တာ် များများပေါ့။ အဲဒီမှာ ကျွန်တော်တို့တွေက သူတို့ဘာလုပ်လဲဆိုတာ ချောင်းကြည့်တာပေါ့။ တံခါးပေါက်နဲ့လည်း သူတို့နေတဲ့ နေရာနဲ့ ဝေးပါတယ်ခင်ဗျ။ အဲဒါကို ကျွန်တော်တို့ကို သူတို့က နှစ်လှမ်းသုံးလှမ်း လှမ်းလိုက်၊ ကျွန်တော်တို့ဘက် လှမ်းချိန်လိုက် နှစ်လှမ်းသုံးလှမ်းလိုက် လှမ်းချိန်လိုက်နဲ့ နောက်ပိတ်ဆုံး ဒုတိယအချက်မှာ ကျွန်တော်တို့ကို သေနတ်နဲ့ လှမ်းပစ်တယ် သေနတ်နဲ့ လှမ်းပစ်တယ်ဆိုပေမဲ့ မိုးပေါ် ထောင်ပစ်တာပါခင်ဗျ။”

အခုလက်ရှိ အခြေအနေမှာတော့ အလုပ်ထွက်ဖို စာတင်ထားတဲ့ အလုပ်သမားတွေက အလုပ်မဆင်းပဲ အလုပ်သမားရုံးနဲ့ အလုပ်သမား အဖွဲ့အစည်းတွေရဲ့ စီစဉ်မှုကို စောင့်ဆိုင်းနေကြသလို ထိုင်းအလုပ်ရှင်ဖက်ကလည်း လုပ်အားခ မရှင်းပေးသေးပဲ အလုပ်သမားတွေကို လုံခြုံရေးတင်းကျပ်စွာ ချထားပြီး စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လက အလုပ်သမား ကိုးရာကျော်ဟာ အလုပ်ရုံထဲမှာ အလုပ်မဆင်းပဲ တပတ်ကျော် ဆန္ဒပြပြီးနောက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့မှာ ထိုင်းအလုပ်သမား အဖွဲ့အစည်းတွေ မြန်မာအစိုးရ သံရုံးတာဝန်ရှိသူတွေရဲ့ ဖြေရှင်းညှိနိုင်းပေးခဲ့လို့ အလုပ်သမားတွေရဲ့ အဓိက တောင်းဆိုချက်ဖြစ်တဲ့ ယာယီနိုင်ငံကူးလက်မှတ်ကို ကိုယ်တိုင် လက်ဝယ် ကိုင်ဆောင်ခွင့်ပြုဖို့ အပါအဝင် ထိုင်းတွေ အလုပ်သမားတွေနဲ့ အခွင့်အရေး တန်းတူရရှိရေး၊ ဆန္ဒပြအလုပ်သမားတွေကို အပြစ်မယူပဲ အလုပ်ပြန် လုပ်ခွင့်ပြုရေးစတဲ့ တောင်းဆိုမှုတွေ အလုပ်ရှင်ဖက်က သဘောတူ လိုက်လျောပေးခဲ့ပါတယ်။

အဲဒီစက်ရုံမှာ မြန်မာ ယာယီ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး အလုပ်လုပ်ကိုင်နေသူ နှစ်ထောင်ကျော် ရှိပြီး ထိုင်းနိုင်ငံက ထုတ်ပေးထားတဲ့ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ကိုင်ဆောင်သူ မြန်မာ အလုပ်သမား ၃၀ဝ ဝန်းကျင် ရှိပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ထိုင်းနိုင်ငံရေနံကုမ္ပဏီ က မြန်မာလုပ်သားတွေ ဆန္ဒပြ

နို့ဖိုးဒုက္ခသည် စခန်း ဆန္ဒပြမှု ထိုင်းအာဏာပိုင်တွေက ခေါ်ယူ သတိပေး

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နှစ်သစ်ကူး ဆင်နွဲ

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ ဆန္ဒပြ

တိုင်ရီဖိနပ်စက်ရုံ ဆန္ဒပြအလုပ်သမားများ ရဲတပ်ဖွဲ့နဲ့ အဓိကရုဏ်းဖြစ်

ပဲခူးတိုင်း အနောက်ခြမ်းက လယ်သမားများ ဆန္ဒပြ

ကွတ်ခိုင်မြို့နယ်မှာ သတ္တုတူးဖော်မှာကို ဒေသခံတွေ ကန့်ကွက်

အနာဂတ်မှာ မြန်မာအလုပ်သမား ရှားပါးလာမှာ ထိုင်းလုပ်ငန်းရှင်များ ပူပင်

အလုပ်သမား ရပိုင်ခွင့် ဆန္ဒပြပွဲများ

ထိုင်းနဲ့မြန်မာ အတွေ့အကြုံ ဖလှယ်ကြ