သိမ်းပိုက်မြေပေါ်မှ ဖယ်ပေးဖို့ မြို့နယ်အာဏာပိုင်က ညွှန်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုမှာရှိတဲ့ မြေဧက ၅၀၀ ကျော်ဟာ မြန်မာ့စီပွားရေးဦးပိုင်လီမီတက်က ပိုင်တဲ့မြေတွေဖြစ်တယ် ဆိုပြီး ဇန်နဝါရီလ ၁၇ ရက် ဒီကနေ့နောက်ဆုံးထား ဖယ်ရှားပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို အမိန့်ထုတ် ဖယ်ရှားခိုင်းတဲ့အပေါ် ကျေးရွာဒေသခံတွေက လက်မခံဘဲ ဥပဒေကြောင်းအရ တရားရင်ဆိုင်သွားမယ်လို့ ဒေသခံ တစ်ဦးဖြစ်တဲ့ ကိုရွှေသီးက ပြောပါတယ်။

"ကျနော်တို့ကလည်း ဥပဒေကြောင်းအရ ကန့်ကွက်စာကိုပြန်တင်ထားပါတယ်၊ ဥပဒေလမ်းကြောင်းတိုင်းပဲ ကျနော်တို့ကဆက်ပြီးတော့လှုပ်ရှား သွားမှာပါ၊ ဇွတ်လုပ်လာရင်လည်း ကျနော်တို့ကလဲဇွတ်တိုးမှာပဲ၊ ဖယ်ပေးဖို့တော့ရည်ရွယ်ချက်မရှိဘူး၊ ဘာလို့လဲဆိုတော့ ကျနော်တို့နေလာတာ နှစ် ၂ဝ ဆိုတော့ ကျနော်တို့မှာ ကိုယ်ပိုင်လုပ်စားပိုင်ခွင့်ကိုရသင့်တယ်"

အဲ့ဒီ ဖယ်ရှားခိုင်းတဲ့ မြေနေရာတွေပေါ်မှာ မြဲမြန်အောင် စိုက်ခင်းဆိုတဲ့ နာမည်နဲ့ ဒေသခံတွေက သီးနှံတွေကို စိုက်ပျိုးလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

အဲ့ဒီမြေဧကတွေဟာ အရင်က ဦးချန်ခိန်ပိုင် ဆိုသူ တရုတ်-မြန်မာ ကပြား တစ်ဦးပိုင်တဲ့ ရာဘာတောကြီးဖြစ်ပြီး၊ ၁၉၉၀ ခုနှစ် မှာ စစ်အစိုးရက သိမ်းဆည်း ခဲ့တာဖြစ်ကြောင်း၊ နောက်ပိုင်းမှာ အဲ့ဒီမြေနေရာကို ခုတ်ထွင်ရှင်းလင်းပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ အခြေချ နေထိုင် လာခဲ့တာ နှစ် ၂၀ ကျော် ရှိပြီ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

အခုလို အမိန့်ထုတ်ဖယ်ရှားခိုင်းတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ၂၀၁၅ ခုနှစ်တုန်းကလည်း ဖယ်ရှားပေးဖို့ သက် ဆိုင်ရာက ညွန်ကြားချက်ထုတ်ဖူးတယ်လို့ လဲ ဆိုပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စုအနီးတဝိုက်မှာ တိုက်ဂါးဘီယာစက်ရုံအပါအဝင် စက်ရုံအတော်တော် များများရှိပြီး အဲဒီစက်ရုံမြေနေရာတွေ ကို မြန်မာ့စီပွားရေးဦးပိုင်လီမီတက်က နှစ်ချုပ်နဲ့ ငှားရမ်းလုပ်ပိုင်ခွင့် ပေးထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။