တပ်မတော်ကို အစိုးရစစ်တပ် သို့မဟုတ် စစ်တပ်လို့ မသုံးနှုန်းစေချင်ဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဗိုလ်ချုပ်အောင်ရဲဝင်းက သတင်းမီဒီယာကောင်စီအပြင် စာနယ်ဇင်း အဖွဲ့တွေနဲ့ ဒီကနေ့ နေပြည်တော် ပြန် ကြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။
အကြမ်းဖက်သောင်းကျန်းသူလို့ သတ်မှတ်ထားတဲ့ အဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုလည်း တပ်မတော်လို့ သုံးတာကို ဝိုင်းဝန်းထိန်းသိမ်းပေးစေချင်တယ်လို့ ဗိုလ်ချုပ်အောင်ရဲဝင်းက ပြောပါတယ်။
စစ်ဘက်ဆိုင်ရာ အခေါ်အဝေါ်တွေနဲ့ ပတ်သက်ပြီး ဥပဒေအရ တပ်မတော်(ကြည်း၊ ရေ၊ လေ)မှာ တာဝန်ထမ်းတဲ့ စစ်မှုထမ်းတွေအတွက်သာ သုံးစွဲခွင့်ရှိတယ်လို့လည်း ပြောပါတယ်။
ဗိုလ်မှူး၊ ဗိုလ်မှူးကြီးစတဲ့ တပ်အခေါ်အဝေါ်တွေကို တပ်မတော် အမှုထမ်းတွေအတွက်သာ သုံးစွဲခွင့် ရှိတယ်ဆိုပြီး ဇူလိုင်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ တပ်မတော်က သဘောထား ထုတ်ပြန်ထားပါတယ်။
ဒီကနေ့ ဆွေးနွေပွဲကို ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒုတိယဥက္ကဌ ဗိုလ်ချုပ်အောင်ရဲဝင်းနဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ စာနယ်ဇင်းအဖွဲ့တွေ တက်ရောက်ကြပါတယ်။
