ဒီဝေဒနာတွေ အတွက် ဆေးလိမ်း၊ ဆေးသောက်၊ လေ့ကျင့်ခန်း လုပ်နေရပေမယ့် ရာသီဥတု အေးလွန်းတဲ့ အတွက် သက်သာပျောက်ကင်းမှု မရှိဘူးလို့သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာ ထောင်ဝင်စာတွေ့ပြီး ပြန်လာတဲ့ ကိုမင်းကိုနိုင်ရဲ့ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က RFA ကို အခုလို ပြောပါတယ်။ "ကျမ်းမာရးက ခါတိုင်းလိုဘဲ။ လက်က ကျည်းပေါင်းတက်တယ်လေ။ အဲဒါကို လေးကျင့်ခန်းလုပ်ပါတယ်။ လိမ်းဆေး လိမ်းပါတယ်။ ဆရာဝန် ညွှန်ကြားချက်အရ မခံမရပ်နိုင်အောင် နာရင်တော့ သောက်ဆေးပါ တွဲသောက်ရတယ်။ လေ့ကျင့်ခန်း လုပ်တာကလည်း တခါတလေကျတော့ အသားဘဲနာတယ်တဲ့။ သိပ်မသက်သာဘူးတဲ့။ လုပ်တာတော့ မှန်မှန် လုပ်နေပါတယ်" ကိုမင်းကိုနိုင်ဟာ အရင်က အကျဉ်းထောင် တိုက်ခန်းကနေ အပြင်ထွက်ခွင့် မရတဲ့ အခြေအနေ ဖြစ်ခဲ့ပြီး၊ အခုတော့ တနေ့ကို တနာရီလောက်၊ တိုက်ခန်း ပြင်ပမှာ လမ်းလျှောက်ခွင့် ရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် သူ့အတွက် မိသားစုက ထောင်မှာ အပ်နှံပေးထားတဲ့ ကိုယ်ပိုင်ငွေနဲ့ အပတ်စဉ်ထုတ် ဂျာနယ် တချို့ဝယ်ဖတ်ခွင့်ရတဲ့ အတွက် ပြင်ပ အခြေအနေ တချို့သိနေတယ်လို့ မိသားစုက ပြောပါတယ်။ ကိုမင်းကိုနိုင်ဟာ ပထမတကြိမ်က ၁၉၈၉ ကနေ ၂၀၀၄ ခုနှစ်ထိ အင်းစိန်ထောင်နဲ့ စစ်တွေထောင်တွေမှာ နေခဲ့ရပါတယ်။ အခု တကြိမ် ၂၀၀၇ ခုနှစ်မှာ အဖမ်းခံရတဲ့ အခါမှာတော့ ထောင်ဒဏ် ၆၅ နှစ်နဲ့၆ လ ချမှတ်ခံရပြီး၊ အင်းစိန်ထောင်ကနေ တဆင့် ရှမ်းပြည်နယ် ကျိုင်းတုံထောင်မှာ အပို့ခံထားရတာပါ။ ဒီအတွက် ရန်ကုန်မြို့မှာ နေထိုင်တဲ့ မိသားစုဝင်တွေ အနေနဲ့ ခရီးခက်ခဲတဲ့ အတွက် ၃ လမှ တကြိမ် ထောင်ဝင်စာ သွားတွေ့နိုင်တယ်လို့ဆိုပါတယ်။ ကျိုင်းတုံထောင်မှာ ကိုမင်းကိုနိုင် အပါအဝင်၊ မြန်မာနေးရှင်း ဂျာနယ်က ဦးစိန်ဝင်းမောင်၊ ဆရာတော် ဦးဣဿရိယ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၇ ဦး ရှိတယ်လို့ သိရပါတယ်။
