မြန်မာ့တပ်မတော်အနေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်မှာပါဝင်ဖို့ အဆင်သင့်မဖြစ်သေးကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ နေပြည်တော်မှာ မနေ့ကကျင်းပခဲ့တဲ့ (၁၁) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဦးစီးချုပ်များ စည်းဝေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
၂၀၁၁ ခုနှစ်ကတည်းက ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာပါဝင်ဖို့ ဖိတ်ခေါ်ခံခဲ့ရပေမယ့် အခုထိ မပါဝင်နိုင်သေးကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
"ကုလသမဂ္ဂ ငြိမ်းချမ်းရေးနဲ့ ပတ်သက် ပြီးတော့ မြန်မာ့တပ်မတော် ပါဝင်ခဲ့တာရှိပါတယ်၊ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်ကစပြီးတော့ မြန်မာနိုင်ငံကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းတာဝန်နဲ့ ပတ်သက်ပြီးတော့ ဝင်ရောက်ဆောင်ရွက်နိုင် ဖို့အတွက် ကမ်းလှမ်းမှုတွေရှိခဲ့ပါတယ်၊ ကျနော်တို့လည်း လိုအပ်တယ်ထင်လို့ ပြင်ဆင်ဆောင်ရွက်မှုတွေရှိပါတယ်၊ လက်တလောအနေနဲ့တော့ ပါဝင်ဆောင်ရွက်မှု မရှိသေးပေမဲ့လည်း ပါဝင်ဆောင်ရွက်ဖို့ မနှစ်ကလုပ်ခဲ့ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ပြင်ဆင်ခဲ့ရတာရှိတယ်၊ အနာဂတ်မှာတော့ အပြည်ပြည်ဆိုင်ရာ တပ်မတော်သားတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမယ့် အခန်းကဏ္ဍသစ်ကို ရောက်ရှိမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်၊ ကျနော်တို့ရဲ့ ဒီလုပ်ငန်းဆောင်ရွက်နေမှုအတွက် အစွမ်းကုန်ပဲ ကုလသမဂ္ဂနဲ့ ဒီအာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း ကျနော်ပြောလိုပါတယ်"
ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပခဲ့တဲ့ (၁၁) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးမှာ ပင်လယ်ပြင်လုံခြုံရေး၊ အကြမ်းဖက်မှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု၊ cyber ရာဇဝတ်မှု၊ သဘာဝဘေးအန္တရာယ်၊ ကူးစက်ရောဂါ၊ အစားအစာနဲ့ စွမ်းအင်လုံခြုံရေး၊ ရာသီဥတုဖောက်ပြန်မှု၊ ကမ္ဘာမြေ ပူနွေးလာမှုစတဲ့ အကြောင်းအရာတွေ ဆွေးနွေးခဲ့ကြပါတယ်။
ပင်လယ်ပြင်လုံခြုံရေးနဲ့ ပတ်သက်ပြီး တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ တချို့ကြား ရေပိုင်နက်အငြင်းပွားနေတဲ့ ပြဿနာဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနဲ့ လုံခြုံရေးကို စိန်ခေါ်နေတာကြောင့် အမြန်ဆုံးဖြေရှင်းဖို့လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။ ဒီပြဿနာကို အာဆီယံက အဖွဲ့အနေနဲ့ ဝင်ရောက်ဖြေရှင်းပေးစေချင်တာတွေရှိပေမဲ့၊ မြန်မာ့တပ်မတော်အနေနဲ့ကတော့ ဆိုင်ရာနိုင်ငံချင်းသာ ဖြေရှင်းသင့်တယ်လို့လည်း ဆိုပါတယ်။
"မြန်မာနိုင်ငံအနေနဲ့လည်း သက်ဆိုင်ရာနိုင်ငံများ လက်ခံနိုင်တဲ့ ချစ်ကြည်ရင်းနှီးစွာ အဖြေရှာမှုနဲ့ ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး မြှင့်တင်ဖို့အတွက် ကြိုးပမ်းမှုတွေကို အမြဲတမ်းထောက်ခံအားပေးမယ်လို့ ကျနော်ပြောခဲ့ပါတယ်၊ အငြင်းပွားနေတဲ့ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွေကို မြှင့်တင်မယ့် မည်သည့်ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုမဆို အားပေးသွားမှာ ဖြစ်ပါတယ်၊ တောင်တရုတ်ပယ်လင်ပြင်အတွင်းမှာ အငြင်းပွားနေတဲ့ကိစ္စရပ်များ ဟာ နှစ်နိုင်ငံကြား ဒါမှမဟုတ်လို့ရှိရင် အငြင်းပွားမှုဖြစ်နေတဲ့ နိုင်ငံများအကြားမှာသာ ငြိမ်းချမ်းစွာ ဖြေရှင်းရမယ့်ကိစ္စရပ်များ ဖြစ်ပါတယ်လို့ပဲ မြန်မာ့တပ်မတော်အနေနဲ့ သဘောထားထုတ်ပြန်ခဲ့ပါတယ်"
(၁၁) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များ စည်းဝေးပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ စည်းဝေးပွဲအပြီးမှာ တက်ရောက်လာကြတဲ့ အာဆီယံ ကာကွယ်ရေး ဦးစီးချုပ်တွေရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ပထမဆုံး သတင်းစာရှင်းလင်းပွဲ ဖြစ်တာကြောင့် ထူးခြားနိုင်တယ်လို့ အများက မျှော်လင့်ခဲ့ကြပေမဲ့ နိုင်ငံပိုင် သတင်းမီဒီယာတွေသာ မေးခွန်းမေးခွင့်ရခဲ့ကြတယ်လို့ သိရပါတယ်။
